ဧရာဝတီတိုင်းမ်
(မင်္ဂလာဒုံ) မေလ ၃ ရက်
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမနှင့် လေတပ်ဂေါက်ကွင်းလမ်းဆုံအနီးရှိ လေတပ်အရာရှိရိပ်သာကို ယမန်နေ့ ဧပြီလ ၂ ရက် ည ၇ နာရီဝန်းကျင်က အဝေးထိန်းမိုင်းများဖြင့်
ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း တော်လှန်ရေးအင်အားစုများထံကသိရသည်။
အဆိုပါ လေတပ်အရာရှိရိပ်သာကို ဖောက်ခွဲတိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး၊ တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ထိခိုက်ပျက်စီးမှုများရှိကြောင်း Kyimyindaing Networks (KMD18) ထံကသိရသည်။
“တစ်ယောက် ပွဲချင်းပြီးသေတယ်၊ တစ်ယောက်ကတော့ အသက်လုနေရတယ်လို့ ဖရဲသီးက ကျွန်တော်တို့ကို သတင်းပို့လာပါတယ်။ ဒီလုပ်ဆောင်ချက်က စစ်တပ်ရဲ့ လေကြောင်းအားကိုးနဲ့ မတရား ထိုးစစ်ဆင်နေမှုကို ကျွန်တော်တို့ လက်တုံ့ပြန်တဲ့ အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” လို့ KMD18 တာဝန်ခံ သတင်းနှင့် ပြန်ကြားရေးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ဆင်ရေးကို KMD18- အမဲလိုက်သမား (Hunter Unit) က “နွေဦးအောင်လံ” စစ်ဆင်ရေးအနေဖြင့် ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ရဲဘော်များမှာ ဘေးကင်းသည့်နေရာသို့ ရောက်ရှိပြီးဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
KMD18 အင်အားစုအနေဖြင့် မဟာမိတ်ညီနောင်များနှင့် အတူပူးပေါင်းကာ စစ်ကောင်စီတပ်မှ ရန်ကုန်မြို့ကို လုံးဝအုပ်ချုပ်ခွင့်မရစေရေးနှင့် အဆုံးသတ်အောင်ပွဲရသည့်အထိ ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဟု KMD18 က ထုတ်ပြန်ထားသည်။
အဆိုပါ လေတပ်အရာရှိရိပ်သာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း လက်ပစ်ဗုံးနှင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
#မင်္ဂလာဒုံ #လေတပ်အရာရှိရိပ်သာ #ဖောက်ခွဲတိုက်ခိုက်ခံ #စစ်ကောင်စီတပ်သား #၁ဦးသေ၁ဦးဒဏ်ရာရ #Ayeyarwaddy_Times