ဧရာဝတီတိုင်းမ်
မေလ ၃ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာစည်ကားအောင် တရားမဝင် KTV ကို ငွေကြေးရယူကာ ဖွင့်ခွင့်ပေးထားတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။

ညောင်မြစ်ဆွဲကျေးရွာအုပ်စု သပြေလှကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းက ရာအိမ်မှူးပိုင်း မြေကွက်နားမှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ငွေကြေးရယူကာ 3 Star KTV ဆိုင်ကို ဖွင့်လှစ်ခွင့် ပြုထားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ KTV က လိုင်စင်မရှိဘူး၊ နားလည်မှုနဲ့ ငွေယူပြီး ဖွင့်ခိုင်းတာတာ၊ ရွာထဲတော့ ကျေးရွာစည်ကားအောင် လုပ်ပေးတာဆိုပြီး ပြောနေတာ၊ ကြာရင် လူငယ်တွေ စိတ်ဓါတ်ပျက်စီးလာနိုင်တယ်၊ တာဝန်ရှိတဲ့သူတွေကို အရေးယူပေးဖို့ တောင်းဆိုချင်တယ်”လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ခွင့်ပြုချက်နဲ့ ဖွင့်လှစ်ထားတဲ့ KTV ဟာ ပျဉ်တောင်တွင်းကျေးရွာနဲ့ ပြည်တော်သာကျေးရွာကြားမှာရှိတဲ့ ဥယျာဉ်ခြံမြေပေါ်မှာ အခြားသုံးစွဲခွင့် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခုလိုမျိုး လုပ်တာဟာ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်တာကြောင့် အမြန်ဆုံး အရေးယူပေးဖို့ တောင်းဆိုချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။