ဧရာဝတီတိုင်းမ်
မေလ ၃ ရက်
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုရင်ဆိုင်နေရသည့် ကျောက်တော်ဒေသခံ သုံးဦး၏အမှုမှာ အပြီးသတ်အမိန့်ချရတော့မည်ဖြစ်သော်လည်း အမိန့်မချဘဲရုံးချိန်း ရွှေ့ဆိုင်းနေသည်မှာ ငါး ကြိမ်မြောက်အထိ ရှိပြီဖြစ်ကြောင်းမိသားစုဝင်များ၏ ပြောဆိုချက်အရ သိရသည်။
အမှုရင်ဆိုင်နေရသူ သုံးဦးမှာ ကျောက်တော်မြို့၊ ပြည်တော်လှရပ်ကွက်နေ လူမှုရေး တက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်း (ခ) ဇော်ဝင်း၊ ကျောက်တော်မြို့နယ်၊ ပန်းဖဲချောင်း ရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်နှင့် ခေါင်းတုတ်ကျေးရွာမှ လိပ်ကုန်း မောင်းသူဦးကျော်သန်းမောင် တို့ဖြစ်ကြသည်။
၎င်းတို့ကို ယမန်နေ့ မေလ ၂ရက်နေ့ နံနက် ၁၀နာရီက ကျောက်တော်မြို့နယ်၊ တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တစ်စုံတရာစစ်ဆေးခြင်းမရှိဘဲ လာမည့် မေလ ၁၆ရက် နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များထံက သိရသည်။
” ဒီတကြိမ်ဆို အမိန့်ချဖို့ရုံးချိန်းပြီး မချတာ ငါး ကြိမ်ဖြစ်ပြီ။ ကျွန်တော်တို့ သားဟာ အမှုရင်ဆိုင်နေရချိန်မှာလည်း တရားလိုဖက်က ရုံးချိန်းပျက်ကွက်လို့ အချိန်တွေ အကြာကြီးအချုပ်ထဲမှာနေခဲ့ရပြီးပြီ။ အခုစစ်ဆေးစရာတွေအကုန်စစ်ဆေးပြီလို့ အမိန့်ချမယ့် အချိန်မှာ လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်ပေး စေချင်တယ်။ ကြာရင် ကလေးတွေရဲ့အနာဂတ်အတွက်မကောင်းဘူး။ အပြစ်ရှိလို့ ခံနေရတဲ့အပြစ်သား တွေလည်း မဟုတ်ပါဘူး” ဟု ကိုဇော်မိုးထက်၏ ဖခင်ဖြစ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါဒေသခံ သုံးဦးသည် တရားလို၏ ပျက်ကွက်မှုများကြောင့်အမှုရင်ဆိုင်နေရချိန် တစ်နှစ်အထိကြာမြင့်ခဲ့ပြီး ယခုအမိန့်ချရမည့်အချိန်တွင်လည်း အမိန့်ချမှတ်ခြင်းမပြုဘဲ ကြန့်ကြာ အောင်လုပ်ဆောင်နေမှုအပေါ် မိသားစုဝင်များကလည်း မခံမရပ်နိုင်ဖြစ် နေကြသည်။
“ကျွန်မယောကျာ်းက အပြင်မှာကတည်းက ကျန်းမာရေးမကောင်းရှာပါဘူး။အခုဆို ပြုစု ပေးမဲ့သူမရှိတော့ပိုဆိုးတာပေါ့။ ကလေးတွေကလည်း သူတို့အဖေကို သူတို့မျက်စိရှေ့က ဖမ်းသွားတာမြင်လိုက်တော့ စိတ်ဒဏ်ရာတွေ ရနေကြတယ်။ အမြန်ဆုံးအမိန့်ချပြီး အမြန်ဆုံးပြန်လွတ်လာဖို့ဆုတောင်းရုံက လွဲလို့လည်း ဘာမှမတတ်နိုင်တော့ပါဘူး” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်း၏ဇနီး ဖြစ်သူက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်နှင့် သက်ဆိုင်သည့်အမှုများ နိုင်ငံရေးနှင့် သက်ဆိုင်သည့်အမှုများကို အာဏာပိုင်များ၏အမိန့်ရရှိမှသာလျှင် တရားသူကြီးက အမိန့် ချမှတ်ရသည်ဟု တရားရုံးနှင့်နီးစပ်သူများထံက သိရသည်။
“တခြားအမှုတွေဆို တရားသူကြီးသဘော ချချင်တဲ့အချိန်ချလို့ရတယ်။ အကြမ်းဖက် တို့နိုင်ငံရေးအမှုကျတော့ အာဏာပိုင်တွေရဲ့ခွင့်ပြုချက်ကို စောင့်ရတယ်။ သူတို့ဆီက အမိန့်စာကျလာလို့ ဒီအမှုကို အမိန့်ချလိုက်တော့ဆိုမှသာလျှင် အမိန့်ချတာ။ ဆိုင်းငံ့ ထားဦးဆိုရင် အချိန်ဆွဲထားရတယ်။ အခုလည်း ကျောက်တော် ဒေသခံသုံးဦး၏အမှုက အထက်ကအာဏာပိုင်တွေဆီက အမိန့်မကျသေးလို့ မချတာ ” ဟု အမည်ဖော်ပြလိုခြင်း မရှိသည့် တရားရေးဌာနနှင့်နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ၊တစ်ကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားချိန် ဇွန်လ ၂၀ ရက်နေ့က ကျောက်တော်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို AA ကဖမ်းဆီးသွားသောကြောင့် ၎င်းဒေသခံ သုံးဦးကို စစ်ကောင်စီက သံသယဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရခိုင်တွင် တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီထံ မတရားဖမ်းဆီးခံရပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)/(၂)နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)/(ခ) တို့ဖြင့် တရားစွဲခံထားရသည့် ပြည်သူ ၅၀ ဦးအထိရှိသည်။
#ကျောက်တော်ဒေသခံ၃ဦး #၅၀၅က #အမိန့်မချ #တရားသူကြီး #စစ်ကောင်စီ #Ayeyarwaddy_Times