ဧရာဝတီတိုင်းမ်
မေလ ၃ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်ကနေ မေလ ၃ ရက်နေ့မှာလွှတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အနေနဲ့ နိုင်ငံရေးအကျဥ်းသား ၁၈ ဦးကိုပြန်လွှတ်ပေးခဲ့တယ်လို့ အကျဥ်းဦးစီဌာနနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
“ပုသိမ်ထောင်မှာရှိတဲ့တဲ့ ၅၀၅(က)တစ်မှုထဲ အစွဲခံပြီး ထောင်ဒဏ် နှစ်ချခံထားရတဲ့ အကျဥ်းသား ၁၆ ဦး၊ အကျဥ်းသူ ၂ ဦးကို ဒီမနက်ပိုင်းကပြန်လွှတ်ပေးလိုက်တာပါ တစ်ချို့က လွှတ်ဖို့ လပိုင်းပဲလိုတဲ့သူတွေပါ “လို့ သူကပြောပါတယ်။
ယနေ့ လွှတ်ငြိမ်းချမ်းသာနဲ့လွှတ်ပေးလိုက်သူတွေဟာ ၅၀၅(က)နဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူတွေဖြစ်ပြီး ပုသိမ်မြို့က အမျိုးသား ၂ ဦး၊ အမျိုးသမီးတစ်ဦး၊ ကျောင်းကုန်းမြို့ကအမျိုသား ၉ ဦး၊ ကျုံပျော်မြို့က အမျိုးသား ၅ ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၈ ဦးကို ခံ၀န်ထိုးခိုင်းပြီးလွှတ် ပေးခဲ့တာလို့ သိရပါတယ်။
“တစ်ချို့ဆို ထောင်ကလွှတ်ဖို့ ၄ လလောက်ပဲ လိုတော့တာ၊ ခုက ၅၀၅ သီးသန့်ပဲ လွှတ်တာ၊ အများစုက စစ်လော်ဘီတယ်လီဂရမ်ဂရုတွေကဖမ်းခိုင်းတဲ့လူတွေပါတယ်၊ ထောင်မှာက ၅၀၅ အပြင် နောက်တစ်ခြားအမှုထပ်ကပ်ခံရတဲ့သူတွေများတယ်”လို့ပုသိမ်မြို့က နိုင်ငံရေးအကျဥ်းသားမိသားစု၀င်တစ်ဦးကပြောပါတယ်။
လက်ရှိအချိန်ထိ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားများ ထပ်မံလွှတ်ပေးဖို့ကျန်ရှိနေသေးတယ်လို့ သတင်းထွက်နေတာကြောင့် ထောင်ရှေ့မှာနိုင်ငံရေးအကျဥ်းသားများရဲ့ မိသားစုဝင်တွေလာရောက်စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၄၀၀ နီးပါးနှင့် အမျိုးသမီး ၇၀ ဦးခန့် အထိ ရှိနေပြီး ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့နိုင်ငံရေးအကျဥ်းသား ၃၀၀ ကျော်ရှိပြီဖြစ်ကြောင်းရှေ့နေအသိုင်း အဝိုင်းနှင့်နီးစပ်သူများထံကသိရပါတယ်။