ဧရာဝတီတိုင်းမ်
(ဘောလခဲ)၊ မေလ ၃ ရက်

ကရင်နီပြည်နယ်၊ ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံဌာနများအား မေလ ၁ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်တွင် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) နှင့် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF) ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီတပ်သားများနေရာယူထားသည့် စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.ကရုံး၊ မြို့မရဲစခန်း၊ ရုပ်သံလွှင့်ဌာနတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ နာရီ‌ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့အဓိက မိန်းထားတဲ့နေရာတွေ တိုက်တယ်၊ အဓိကကတော့ မြို့တွင်းခြိမ်းခြောက်ချင်တာလည်းပါတယ်။ ရည်ရွယ်ထားတဲ့ ၃ နေရာလုံးတော့မဖျက်ဆီးနိုင်ခဲ့ဘူး။ စစ်မှုထမ်းဟောင်းရုံးနေရာကိုတော့မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ စစ်မှုထမ်းဟောင်းရုံးမှာက တပ်သားတွေလဲရှိတယ်။ စစ်ကောင်စီကနေ စစ်မှုထမ်းဟောင်းတွေကို လက်နက်တပ်ဆင်ပေးထားတာလဲရှိတယ်။ သူတို့ဘက်ကစစ်ကူအင်အားလည်းများတဲ့အတွက် ရဲဘော်တွေရဲ့ အန္တရာယ်လည်းစိုးရိမ်ရလို့ ပြန်ဆုတ်ခဲ့တယ်။ “ဟု ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်မှုထမ်းဟောင်းရုံးအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စစ်မှုထမ်းဟောင်း ၂ ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး ခမရ ၄၃၀ တပ်ရင်းမှ တပ်ကူများရောက်လာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ်-၁၁၀၅မှ ရဲဘော် ၂ ဦးသေဆုံးခဲ့ရပြီး တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်းလည်း သိရသည်။

အဆိုပါတိုက်ပွဲမှ G4 တစ်လက်၊ AK 22 တစ်လက်၊ G4 ကျည်ဘောက် ၆ ခု၊ AK ကျည်ဘောက် ၃ ခု၊ လက်ဗစ်ဗုံး တစ်လုံးနှင့် ကျည်ဆံအချို့အား သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#ဘောလခဲ #PPDF #BPDF #တိုက်ပွဲ #Ayeyarwaddy_Times