ဧရာဝတီတိုင်းမ်
(ဟားခါး)၊ မေ ၃ ရက်
ဟားခါး-ဖလမ်းကြားတွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော သံချပ်ကာယာဉ် နှစ် စီးအနက် ဟားခါးမြို့ကို ပြန်လည်သယ်ဆောင်ရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်၏ သံချပ်ကာယာဉ်တစ်စီးကို မေလ ၁ ရက်နေ့က ထပ်မံဖောက်ခွဲ၍ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် CNA၊ ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့ မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ခုနစ် ကြိမ်ခန့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် CNA ထံက သိရသည်။
“သူတို့ဘက်က အသေအပျောက်ကိုတော့ ကျွန်တော်တို့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ဘက်ကတော့ သုံး ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို အခုဟားခါးပြည်သူ့ဆေးရုံမှာ ဆေးရုံတင်ထားတယ်။ သူတို့ကို လူညွန့်တုံးအောင်လုပ်တယ်ဆိုပြီးတော့ ဆေးရုံတက်နေသူတွေက မင်းအောင်လှိုင်ကို ဆဲဆိုတာ တွေရှိတယ်”ဟု ချင်းအမျိုးသားတပ်မတော်/ချင်းအမျိုးသားတပ်ဦး (CNA/CNF) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတိုက်ပွဲတွင် CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က စစ်ကောင်စီတပ်မှ သေနတ် သုံးလက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအပါအဝင် လူနေအိမ်တချို့ မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။
ကလေးမြို့မှ ဟားခါးမြို့သို့ မတ်လ ၇ ရက်နေ့ကတည်းက ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို CNA နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင်း ဟားခါးမြို့တွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိဘဲ ဖျက်ဆီး ခံနေရခြင်းဖြစ်သည်။
#ဟားခါးမြို့ #CNA #ချင်းကာကွယ်ရေးတပ်ဖွဲ့ #စစ်ကောင်စီ #သံချပ်ကာယာဥ် #ထပ်မံဖျက်ဆီး #Ayeyarwaddy_Times