ဧရာဝတီတိုင်းမ်
(ပေါင်)၊ မေလ ၃ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာရှိ ပြည်သူ့စစ်များ စုဝေးနေသည့် နေအိမ်ကို မေလ ၁ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်တွင် MON – S.O.Fအဖွဲ့မှ ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
သဗြုချောင်ကျေးရွာရှိ နေအိမ်တစ်ခုတွင် ပြည်သူ့စစ်ခေါင်းဆောင်ဦးဖိုးချစ်နှင့် ၎င်း၏ အဖွဲ့ဝင်များစုဝေးနေစဉ် ဝင်ရောက်ပစ်ခတ်ခဲ့ရာ အဆိုပါပြည်သူ့စစ်အဖွဲ့မှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ နေအိမ်အား ဝင်ရောက်ရှာဖွေရာတွင် M-16 သေနတ် ၁ လက်၊ M1 အမျိုးအစားရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည်အတောင့် ၂၀၀ နှင့် ဖုန်းနှစ် လုံးသိမ်းဆည်းရမိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ထုတ်ပြန်ထားသည်။
“သူ(ဦးဖိုးချစ်)က ကျေးရွာအဆင့် ပြည်သူစစ်ခေါင်းဆောင်ဆိုပေမဲ့ မြို့နယ်ကတိုက်ရိုက် တာဝန်ပေးထားတဲ့သူပါ။ ပစ်ခတ်ခံရပေမဲ့ မသေဘူးလို့ သိရပြီး အခုတော့ ဆေးရုံမှာလို့သတင်းကြားတယ်” ဟု ပေါင်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်သူ့စစ်ခေါင်းဆောင်ဦးဖိုးချစ်မှာ ရင်းငြိမ်ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး CDMနှင့်အပြစ်မဲ့လူငယ်များအားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ စစ်ကောင်စီနှင့်ပူးပေါင်း၍ လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေခြင်း ကြောင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း MON – S.O.Fက ဆိုသည်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.Fအဖွဲ့သည် မတ်လ ၁၄ ရက်နေ့က ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ရှိ အုပ်ချုပ်ရေးမှူးကျော်စိုးမိုးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ထုတ်ပြန်ချက် အရသိရသည်။