ဧရာဝတီတိုင်းမ်
(ဟားခါး)၊ မေလ ၂ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ချင်းအမျိုးသားတပ်မတော် CNA၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟားခါးနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုများပြားကာ ယနေ့ မေလ ၂ ရက်နေ့ မနက်ပိုင်းက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် – CNA/CNFပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ပထမအပတ်က ဂန်ဂေါမြို့မှ ဟားခါးမြို့၊ စစ်ဗျူဟာသို့ အင်အားဖြည့်တင်းရန် တက်လာသော အင်အား ၂၀၀ ခန့်ရှိ တပ်မ ၇၇ စစ်ကောင်စီစစ်ကြောင်းကို CNAနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟားခါးတို့က ယမန်နေ့တွင် ကြားညှပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးကာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားသူအချို့ရှိခဲ့ကြောင်း သေနတ် ၁၀ လက်နှင့် ကျည်ဆံများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

“ဟားခါးမြို့ကနေ မိုင် ၃၀ လောက်ကွာဝေးတဲ့ မာဆွမ်နဲ့ ရမ်ဘွန်းရွာကြားမှာ မနေ့က တိုက်ပွဲဖြစ်တာ။ ဒီမနက်ပဲ ဂျက်ဖိုက်တာ တစ်စီးလာပြီးတော့ ဗန်လာန်ဆိုတဲ့ ရွာလေးကို ဗုံး ၄ ကြိမ်လာကြဲသွားတာ။ ထိခိုက်မှုအခြေအနေကတော့ အသေးစိတ်မသိရသေးဘူး”ဟု ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးပူးပေါင်းဘက်က အထိအခိုက်မရှိကြောင်းသိရပြီး ဒေသခံပြည်သူထိခိုက်သေဆုံးမှုရှိ/မရှိအခြေအနေကို မသိရှိရသေးကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

ဟားခါးမြို့၊ စစ်ဗျူဟာသို့ တက်လာသော တပ်မ ၇၇ စစ်ကြောင်းသည် ကျေးရွာများကို ရှောင်ဂွင်းကာ တောလမ်းတိုး၍ စစ်ကြောင်းထိုလာခဲ့ပြီး ဒေသခံပြည်သူတစ်ချို့ကို လမ်းပြအဖြစ်ဖမ်းဆီးခေါ် ဆောင်နေကြောင်းသိရသည်။
#ဟားခါးမြို့နယ် #CNA #ချင်းကာကွယ်ရေးတပ်ဖွဲ့ #စစ်ကောင်စီ #တိုက်ပွဲဖြစ်ပွား #လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်
#Ayeyarwaddy_Times