ဧရာဝတီတိုင်းမ်
မေလ ၂ ရက်

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းက မြို့မရဲစခန်းကနေ အချုပ်သား ၈ ဦး အချုပ်ခန်းဖောက်ပြေးမှုဖြစ်ပွားခဲ့တာကြောင့် တာဝန်မှူးနဲ့ ကင်းအဖွဲ့ဖမ်းဆီးခံထားရတယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား ၈ ဦးထဲက ၅ ဦးကို ရက်ပိုင်းအတွင်း ပြန်လည် ဖမ်းဆီး နိုင်ခဲ့ပေမယ့် တာဝန်မှူး ဒုရဲအုပ်နဲ့ ကင်းတာဝန်က ၅ ဦးကို ထိန်းသိမ်းစစ်မေးတာတွေပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ ထွက်ပြေးသွားတဲ့ အချုပ်သားတွေထဲက ၅ ဦးကိုတော့ ပြန်ဖမ်းမိထားပြီ ဒါပေမယ့် ဒုရဲအုပ်နဲ့ ကင်းအဖွဲ့ ကိုတော့ တာဝန်ပေါ့လျော့မှုနဲ့ ထိန်းသိမ်းစစ်ဆေးနေတဲ့ သဘောပါ၊ စုံ/ခုံလုပ်ပြီး စစ်ဆေးသွားဖို့လည်း ရှိပါမယ်”လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အချုပ်သားထွက်ပြေးလွတ်မြောက်မှုကြောင့် ဒုရဲအုပ်က ရာထူးတစ်ဆင့်လျှောပြစ်ဒဏ်ခံရနိုင်ပြီး ကျန်တဲ့ ကင်းအဖွဲ့ဝင် အခြားအဆင့်ရဲတပ်ဖွဲ့ဝင်တွေကတော့ ထောင်ကျနိုင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုရဲအုပ်နဲ့ အခြားအဆင့်တပ်ဖွဲ့ဝင်တွေရဲ့ အမည်ကို ဧရာဝတီတိုင်းမ် သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အချုပ်သားထွက်ပြေးလွတ်မြောက်မှုကြောင့် ရဲတရားရုံးကနေ စုံခုံဖွဲ့စစ်ဆေးပြီး ဒုရဲအုပ်ကို ရာထူးအဆင့် ချကာ အခြားအဆင့် ရဲတပ်ဖွဲ့ဝင်တွေကတော့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒပုဒ်မ ၁၇(စ)အရ ထောင်ဒဏ် ၃ နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောဆိုပါတယ်။