
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာရှိ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီရွှေလုပ်ကွက်တွင် အလုပ်လုပ်နေသည့် အလုပ်သမား ၁၅၀ ခန့်ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၈ ရက်နေ့ ညပိုင်းက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
စစ်တပ်က ၎င်းတို့ပိုင်ဆိုင်သည့် ဦးပိုင်ကုမ္ပဏီလီမိတက်၏ ရွှေလုပ်ကွက်အတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ရွှေကျင်သည်ဟုဆိုကာ ကံတောင်ရွာမှ ပျံကျရွှေလုပ်သား ၁၅၀ ခန့်ကို ဇူလိုင်လ ၈ ရက် ညပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးထားသူ ရွှေလုပ်သားများကို စစ်ကောင်စီတပ်က ပင်လယ်ကြီးရွာရှိ သစ်တောရုံးအတွင်း ဖမ်းဆီးထားပြီး ရွှေလုပ်သား ၁ ဦးလျှင် ၅ သိန်းကျပ်နှုန်းဖြင့် ပြန်ရွှေးခိုင်းသဖြင့် ၎င်းတို့မိသားစုဝင်များနှင့် ဆွေမျိုးများက စစ်တပ်ကို ရွှေလုပ်သား ၁ ယောက် ၅ သိန်းပေး၍ ပြန်ရွှေးယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
“ရွှေလုပ်သားတွေကို ပင်လယ်ကြီးရွာက သစ်တောရုံးထဲမှာ ဖမ်းထားတယ်။ မိသားစုဝင်တွေက စစ်တပ်ကို တယောက် ၅ သိန်းပေးပြီး ပြန်ရွေးယူနေရတယ်။ စစ်တပ်ကို ငွေပေးပြီး ရွေးနိုင်တဲ့လူတွေ လွတ်ပေမယ့် ၅ သိန်းပေးပြီး မရွေးနိုင်သူတွေကတော့ ကျန်နေသေးတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။
စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရသည့် ရွှေလုပ်သား ၁၅၀ ကျော်မှာ သာမာန်ပျံကျ လက်လုပ်လက်စား ရွှေတူးသမားများဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်ခန့်ကတည်းက စဉ့်ကူးနယ်တွင် ပျံကျရွှေတူးဖော်နေသူများ ဖြစ်ကြောင်း သိရသည်။
စစ်တပ်က ဖမ်းဆီးသွားသူ ၁၅၀ ခန့်အနက် လက်ရှိအချိန်အထိ ၅ သိန်းပေး၍ ပြန်လည်ရွေးယူသွားသူ ၁၀၀ ခန့်ရှိနေပြီး ပိုက်ဆံမပေးနိုင်၍ စစ်တပ်က ဆက်လက်ဖမ်းဆီးထားသူ ၅၀ ခန့် ကျန်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“သာမာန်လက်လုပ်လက်စား ရွှေတူးသမားတွေကို စစ်တပ်က အခုလို ဖမ်းဆီးငွေညှစ်တာတွေလုပ်တော့ သူတို့ အတွက် စားဝတ်နေရေးတွေ အခက်အခဲဖြစ်ကြတာပေါ့”ဟု အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။
ရွှေလုပ်သား ၁ ဦးလျှင် ၅ သိန်းကျပ်နှုန်းဖြင့် ပြန်ရွှေးခိုင်းခဲ့သဖြင့် စစ်တပ်အနေဖြင့် ကံတောင်ရွာမှာ ရွှေလုပ်သားများ ဖမ်းဆီးမှုတွင် ငွေကျပ်သိန်း ၅၀၀ ထက်မနည်း ရရှိမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
စစ်ကောင်စီတပ်မှာ စဉ့်ကူးနယ်ရှိ ရွှေလုပ်သား ၁၅၀ ခန့်ကို ဖမ်းဆီးပြီးနောက် မင်းမန်းတောင်ရှိ ရွှေလုပ်ကွက်များကိုလည်း စစ်ကြောင်းထိုးဖယ်ရှားမည်ဟူသောသတင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့် နေကြပြီး ဒေသခံတချို့မှာ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။