
ဗီအာတီ/ ဧရာဝတီတိုင်းမ်
မီဇိုးရမ်၊ ဇူလိုင်လ ၁၂ ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုးပြည်နယ်၊ လုံးလေမြို့၊ ထိုင်းဇောလ်စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ချင်းအမျိုးသားတစ်ဦး ဇူလိုင်လ ၁၁ ရက်နေ့ မနက်ပိုင်းက ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။ ဓားခုတ်ခံရသူမှာမတူပီမြို့နယ်၊ ထအိုလ်ကျေးရွာမှ အသက်(၂၀)အရွယ်၊ ချင်းတိုင်းရင်းသားဆလိုင်းရမ်ဂျိုးဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းတွင် တောထဲသို့ ဝါးခုတ်သွားချိန် ထိုင်းဇောလ်ကျေးရွာနေ၊ ဒေသခံတစ်ဦး၏ ခြံဝန်းထဲတွင် ဝါးမှားယွင်းခုတ်မိခဲ့ခြင်းဖြစ်ပြီး ခြံပိုင်ရှင်မှ စစ်ဘေးရှောင်စခန်းအထိ လိုက်လာကာ အသင့်ပါလာတဲ့ ဓားဖြင့်ခုတ်ခဲ့သဖြင့် လုံးလေမြို့၊ ပြည်သူ့ဆေးရုံးတွင် ဆေးကုသမှုခံယူနေကြောင်း ထိုင်းဇောလ်စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“လူငယ်လေးက တောထဲမှာ ဝါးသွားခုတ်တော့ ထိုင်းဇောလ်ကျေးရွာနေ၊ ဒေသခံခြံပိုင်ရှင်ရဲ့ ခြံဝန်းထဲမှာ ခြံမှန်းမသိလို့ မှားခုတ်မိသွားတာ၊ ဒါကို ခြံပိုင်ရှင်က ဝါးမခုတ်ရန် ဆဲဆိုကြိမ်းမောင်းပြီး အပေါ်ဘက်ကနေ ကျောက်ခဲတုံးကြီးနဲ့ လိမ့်ထုတယ်၊ လူငယ်လေးကလည်း မသိလို့ ဝါးမှားခုတ်မိတဲ့အကြောင်းကို ခြံပိုင်ရှင်ထံ အကြိမ်ကြိမ်တောင်းပန်ပြီး စစ်ဘေးရှောင်စခန်းကို ပြန်လာခဲ့တယ်၊ နေ့ခင်းပိုင်းရောက်တော့ ခြံပိုင်ရှင်က စစ်ဘေးရှောင်စခန်းအထိ လိုက်လာပြီး အသင့်ပါလာတဲ့ ဓားနဲ့ခုတ်လိုက်တာ၊ ဒုတိယအကြိမ်ထပ်ခုတ်ဖို့ ပြင်နေတုန်းမှာ လူငယ်လေးရဲ့ မိခင်က ဝင်တားလိုက်တာ၊ ပထမအကြိမ် ခုတ်လိုက်တဲ့အခါမှာ လူငယ်လေးက လက်နဲ့ကာလိုက်တဲ့အတွက် ခေါင်းပိုင်းမထိတော့ဘဲ လက်ချောင်း(၄)ချောင်း ပျက်လုခါနီးအထိ အခုတ်ခံရတယ်၊ လက်ထဲမှာ ဓားကိုင်ထားတော့ ရုတ်တရက် ဘယ်သူမှ ဝင်မဆွဲရဲဘူး၊ ခြံပိုင်ရှင်ကို မိဘဘက်ကလည်း တောင်းပန်ခဲ့ပေမယ့် လူငယ်လေးရဲ့ အမေကို ပါးရိုက်ခဲ့သေးတယ်၊ ဓားခုတ်ဒဏ်ရာကြောင့် ဆေးရုံမှာ လိုအပ်တဲ့ ဆေးကုသမှုခံယူပြီး အခု စစ်ဘေးရှောင်စခန်းကို ပြန်ရောက်ပါပြီ”ဟု ထိုင်းဇောလ်စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါဓားခုတ်မှုနှင့် ပတ်သက်ပြီး ထိုင်းဇောလ်ကျေးရွာတာဝန်ရှိသူများ၊ စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူများနှင့် ခြံပိုင်ရှင်တို့ ယနေ့၊ ညပိုင်းတွင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ၊ မီဇိုးပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ထင်းခုတ်ခြင်း၊ ဝါးခုတ်ခြင်း၊ ဝါးခုတ်ခြင်း၊ မျှစ်ရှာခြင်းနှင့် ဈေးဆိုင်ဖွင့်ခြင်းတို့ကို မပြုလုပ်ရန် မြို့တာဝန်ရှိသူတစ်ချို့က ကန့်သတ်ထားပြီး စစ်ဘေးရှောင်ပြည်သူများက လိုအပ်ချက်အရ အဆိုပါကန့်သတ်ချက်များအား အတိအကျအကုန်လိုက်နာနိုင်ရန် အခက်ကြုံနေကြသည်။
မီဇိုးပြည်နယ်တွင် ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်ပြည်သူများသည် ဝမ်းရေးအတွက် ရရာလုပ်ငန်းများကို လုပ်ကိုင်နေကြသော်လည်း ရသင့်/ရထိုက်သော လုပ်အားခမရရှိကြဘဲ မီဇိုးပြည်နယ်၊ အလုပ်ရှင်တစ်ချို့၏ ခေါင်းပုံဖြတ်လိမ်လည်မှုများမကြာခဏခံနေရကြောင်းစစ်ဘေးရှောင်အသိုင်းအဝိုင်းများထံမှ သိရသည်။