
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဇူလိုင်လ ၁၂ ရက်နေ့ မနက်ပိုင်းက မြစ်ကမ်းပါးပြိုကျလာလို့ နေအိမ် ၇ လုံးအရေးပေါ် ရွှေ့ပြောင်းတာတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ အထက်ကဇင်းတောကျေးရွာမှာ နေထိုင်တဲ့ နေအိမ် ၇ လုံးဟာ မြစ်ရေတက်လာပြီး မြစ်ကမ်းပါးပြိုကျတာတွေ ဖြစ်လာတာကြောင့် နေအိမ်တွေ မပါခင် ကြိုတင်ရွှေ့ပြောင်းခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ မြစ်ရေတက်လာတာ ကမ်းပါက တအိအိနဲ့ ပြိုတာ အိမ် ၇ လုံးလောက်တော့ ပြောင်းလိုက်ရတယ် မိုးတွင်း ဆို အဖြစ်များတယ် ဒီဘက်မှာတော့ နှစ်တိုင်းဖြစ်တယ် ရေစီးကြောင်းနဲ့လည်း ဆိုင်မယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
မြစ်ကမ်းပါးပြိုကျမှုကြောင့် အရေးပေါ် ရွှေ့ပြောင်းခဲ့ရတဲ့ နေအိမ် ၇ လုံးက လူဦးရေ ၄၁ ဦးဟာ ဆွေမျိုးတွေ နေအိမ်နဲ့ ကျေးရွာဘုန်းကြီးကျောင်းမှာ ယာယီနေထိုင်နေရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းဟာ မြစ်ဝကျွန်းပေါ်ဒေသဖြစ်တာကြောင့် မိုးရာသီတွင် မြစ်ကမ်းပါးပြိုကျတဲ့ ဖြစ်စဉ်အဖြစ်များ သလို ၁ နှစ်ကို အနည်းဆုံး အိမ်ခြေ ၅၀၀ နီးပါး ရွှေ့ပြောင်းရလေ့ရှိတယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီး ဌာနမှတ်တမ်းတွေအရ သိရပါတယ်။