ဧရာဝတီတိုင်းမ်
(ညောင်လေးပင်)၊ မတ်လ ၂ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီမှထောက်ပို့လမ်းအဖြစ်အဓိကအသုံးပြုနေပြီး စစ်ရေးအရအရေးပါသည့် ရေကြည်ချောင်းတံတားအား ဧပြီလ ၃၀ ရက်နေ့ ည ၁၂ နာရီဝန်းကျင်တွင် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်-မဒေါက်လမ်းရှိ အရှည် ၁၂၅ ပေရှည်ပြီး အကျယ် ၂၄ ပေရှိသည့် ရေကြည်ချောင်းတံတားမှာ စစ်ကောင်စီလက်အောက်ခံ ရွှေကျင် ဗျူဟာစခန်းကို ထောက်ပို့လုပ်နေသည့် လမ်းပိုင်းတစ်နေရာဖြစ်သည့်အတွက် တံတားအားမိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အဲ့တံတားက ညောင်လေးပင်မြို့နဲ့ ရွှေကျင်မြို့ကိုသွားတဲ့အဓိကတံတား ၊ စစ်ကောင်စီစစ်သား တွေက အဲ့လမ်းကနေရွှေကျင်ကို ကားဆိုင်ကယ်တွေနဲ့ တောက်လျှောက် သွားလာနေတာ။” ဟု အသက် ၃၀ ဝန်းကျင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှပြောသည်။
မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ရေကြည်ချောင်းတံတားမှာ ၃ ပိုင်းကျိုးပျက်ခဲ့ပြီး စစ်ကောင်စီမှ အင်အား အများအပြားဖြင့် ကင်းပုန်းများချထားကြောင်း အဆိုပါ တော်လှန်ရေးတပ်ဖွဲ့ဝင်ထံကသိရသည်။
တံတားပျက်စီးမှုကြောင့် အဆိုပါလမ်းပိုင်းတွင် ကား၊ ဆိုင်ကယ်များဖြတ်သန်းသွားလာ၍ မရသော်လည်း အနီးအနားတွင် ဆိုင်ကယ်များဖြတ်သန်းသွားလာနိုင်သည့် လမ်းလွှဲရှိကြောင်းလည်း သိရသည်။
ညောင်လေးပင်၊ ကျောက်ကြီး၊ ရွှေကျင်၊ မုန်း စသည့်ဒေသများတွင် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများမကြာခနဖြစ်ပွားနေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ညောင်လေးပင်ခရိုင်တွင် ဇန်နဝါရီလမှ မတ်လအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်မှုမှာ ၇ ကြိမ်ခန့်ရှိကြောင်း KNUမှထုတ်ပြန်ချက်အရ သိရသည်။
#ညောင်လေးပင် #ရေကြည်ချောင်း #မိုင်းခွဲ #Ayeyarwaddy_Times