ဧရာဝတီတိုင်းမ်
မေလ ၂ ရက်
ချင်းပြည်နယ် ၊ပလက်ဝမြို့ရှိ ပလုတ်တောင်ရပ်ကွက်တခုတည်းကို စစ်ကောင်စီက ဧပြီလ၂၉ ရက်နေ့မှစ၍ ညမထွက်ရအမိန့် ပြန်လည်ထုတ်လိုက်ကြောင်း ဒေသခံများထံက သိရသည်။
ပလုတ်တောင်ရပ်ကွက်အတွင်းရှိ ရပ်တော်မူ
ဘုရားတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီ
စစ်ဆေးရေးဂိတ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ဆယ်အိမ်မှူးတို့ကို ခေါ်ယူတွေ့ဆုံကာ ည၇နာရီမှ နံနက်၅ နာရီထိ သွားလာခြင်းမပြုကြရန်
အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ကျနော်တို့ရပ်ကွက်က ကုလားတန်မြစ်ကြောင်းနားကျတော့ အဲ့ဒီမြစ်နားကို သူတို့သတ်မှတ်ထားတဲ့အချိန်မှာမသွားလာရဘူးပြောတာ။တခြားအချိန်တွေဆို ပုံမှန်အတိုင်း ငါးရှာခွင့်လည်းပြုတယ်။သွားလာခွင့်လည်းရပါတယ်။ညအချိန်ပဲ မရတာ။သူတို့(စစ်တပ်)ကပြောလိုက်တာကတော့ ညအချိန်မှောင်နေတုန်းသွားရင် လူမှားမှာစိုးလို့ သွားခွင့်မပြုတာလို့ပြောလိုက်ပါတယ်။တခြားရပ်ကွက်တွေကတော့ ညမထွက်ရအမိန့် မရှိပါဘူး” ဟု ပလုတ်တောင်ရပ်ကွက်မှ
ယာယီအုပ်ချုပ်ရေးမှူးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ခေါ်ယူပြောဆိုလိုက်ပြီးနောက် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်းရှိ ဒေသခံ ပြည်သူများသိရှိစေရန် အတွက် ရပ်ကွက်အတွင်းသို့ လှည့်လည်ကာ အသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်ကြောင်း သိရသည်။
ပလုတ်တောင်ရပ်ကွက်အတွင်းနေထိုင်ကြသူများမှာ မြစ်ကမ်းနဲ့နီးသောကြောင့် ငါးရှာသည့်အလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်စားသောက်နေကြခြင်းဖြစ်ပြီး ယခုကဲ့သို့ ညမထွက်ရအမိန့်ထုတ်လိုက်သည့်အတွက် အလုပ်ကို ထိခိုက်စေသည်ဟု ပလုတ်တောင်ဒေသခံ တစ်ဦးကပြောသည်။
” ရပ်ကွက်ထဲလှည့်အော်သွားကတည်းက ဘာကြောင့်ဒီနားပတ်ဝန်းကျင်တခုတည်းကို အမိန့်ထုတ်ရတာလဲဆိုပြီး တွေးနေကြတာ။ကျနော်တို့ငါးရှာသမားတွေက မြစ်ထဲမှာ ကွန်တွေဘာတွေချပြီးရင် ညအိပ်ပြီးစောင့်ရတယ်။မနက်အာရုံတက်တာနဲ့ငါးဖော်ပြီး စျေးကိုအမှီပြေးရတယ်။အခု ညလည်းမထွက်ရ၊မနက်၅နာရီမှပဲ ငါးတွေသွားဖော်မယ်ဆိုရင် စျေးကိုဘယ်အချိန်သွားပြီး ဘယ်အချိန်ရောင်းရတော့မလဲ။ဒီလောက်အလုပ်အကိုင်ရှားတဲ့ခေတ်မှာ ငါးရောင်းလို့ရတာလေးနဲ့စားနေရတာ။တခြားအလုပ်လည်းရှိတာမဟုတ်ဘူး” ဟု ၄င်းက ပြောသည်။
ပလက်ဝမြို့တွင် စစ်ကောင်စီတပ်နှင့် ရခိုင်တပ်တော် AA တို့၏ နှစ်ဖက်တိုက်ပွဲကာလအတွင်းက ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄)ထုတ်ပြန်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းတွင် ညမထွက်ရအမိန့်ကို ရုတ်သိမ်းကာ လွတ်လပ်စွာ သွားလာခွင့်ပြုခဲ့ထားခဲ့ရာမှ ယခုအခါ ပလုတ်တောင်ရပ်ကွက် ကို ညမထွက်ရအမိန့် ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ပလုတ်တောင်ရပ်ကွက်အား ညမထွက်ရအမိန့် ထုတ်ရသည့် အကြောင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိရန် ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစံသိန်းကို ဧရာဝတီတိုင်းမ်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ခရီးလွန်နေ၍ သူအနေဖြင့် မသိသေးကြောင်း ပြောဆိုကာ ဖုန်းချသွားခဲ့သည်။