ဧရာ၀တီတိုင်းမ်
မေ ၂ ရက်

ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ အရာရှိကြီးအဆင့်ဖြစ်သည့် ဗိုလ်မှူးကြီး အပါအ၀င် အရာရှိများဆက်တိုက်သေဆုံးနေကြောင်း စစ်တပ်သတင်းရင်း မြစ်ထံက သိရသည်။

ပြီးခဲ့သည့် ဧပြီလနောက်ဆုံးပတ်က ရှမ်းနှင့်ကရင်နီနယ်စပ် ဖယ်ခုံ၊ ပင်လောင်းနှင့် မိုးဗြဲတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများတွင် အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၂) မှ အရာရှိများသေဆုံးခဲ့ ကြောင်း သိရသည်။

“အခုသေနေတာက အရာရှိတွေ ဆက်တိုက်ပဲ။ အလောင်းတွေကို ပြန်ကောက်လို့ တောင်မရဘူး။ တပ်(စစ်ကောင်စီတပ်)ဘက်က အရမ်းအထိနာနေတော့ ကရင်နီဘက်ကို လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေ၊ ရဟတ်ယာဉ်တွေနဲ့ အင်အားအများကြီး သုံး ပြီးတော့ကို အပြတ်ချေမှုန်း ထိုးစစ်ဆင်နေတာ”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ပွဲများတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၂) စစ်ဆင်ရေးကွပ် ကဲမှု ဌာနချုပ်(စကခ ၂)မှ ခေတ္တဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းညွန့်၊ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ တပ်ရင်းမှူးများအပါအဝင် ဗိုလ်ကြီးဇင်ကိုကိုလွင် နှင့် ဗိုလ်ကောင်းထက်စံ တို့ သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အရာရှိအဆင့်များ တိုက်ပွဲတွင် ဆက်တိုက်သေဆုံးနေ၍ ရှေ့တန်းတွင် တိုက်ပွဲ၀င် နိုင်ရန်အတွက် စစ်ကောင်စီတပ်၏ တပ်ရင်းမှူးနေရာများတွင် ဗိုလ်ကြီး အဆင့်များကိုပါ ယာယီဆွဲခန့် နေကြောင်း သိရသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်ကိုထိန်းချုပ် နိုင်ရန်အတွက် ဆက်တိုက်ထိုးစစ် ဆင်လျက်ရှိပြီး ၎င်းတို့၏တပ်စခန်းနှင့် ဗျူဟာကျသည့် စခန်းကုန်းများ မကျစေရန် အထိနာ‌နေသည့်ကြားမှ ဆက်တိုက်စစ်ကြောင်းထိုး ထိုးစစ်ဆင် နေကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

ကရင်နီတော်လှန်ရေး တပ်ပေါင်းစုမှလည်း စစ်ကောင်စီ၏ ထိုးစစ်များကို ခုခံတိုက်ခိုက်၍ ထိန်းချုပ်ထားနိုင်ပြီး တပ်ရင်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက် နိုင်မှုများပင်ရှိကြောင်း ကရင်နီပူပေါင်းတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
#ရှမ်းနှင့်ကရင်နီနယ်စပ် #တိုက်ပွဲ #စစ်ကောင်စီတပ် #အရာရှိကြီးများ #ဆက်တိုက်သေဆုံး #Ayeyarwaddy_Times