နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁ ရက်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းခွင်အတွင်း အခြေခံရှိရမည့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရပြီး အလုပ်ရှင်မှ အခွင့်ကောင်းယူကာ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများ၊ အဓမ္မခိုင်း စေမှုများ၊ အလုပ်စတင်ခန့်အပ်သည့်အချိန်မှစ၍ အမြဲတမ်းဝန်ထမ်းအဖြစ် အတည်ပြုခန့်အပ်ခြင်းမရှိဘဲ အမြဲတမ်းနေ့စားသမားအဖြစ် ထားရှိခြင်းများ၊ အပြစ်မရှိဘဲ အလုပ်မှ ထုတ်ပယ်ခြင်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ပြောသည်။

ယင်းအပြင် အခွင့်အရေးတောင်းဆိုသည့် အခြေအနေတွင် စစ်တပ်ကိုခေါ်ယူ၍ ခြိမ်းခြောက်သည့် အသွင်သဏ္ဍန်ကို ဖော်ဆောင်ပြမှုများ၊ အချိန်ပိုများ မတရားစေခိုင်းခြင်း၊ အသက်မပြည့်သေးသည့် ကလေးသူငယ်များကို ခိုင်းစေမှုများအပြင် များစွာသော အလုပ်သမားအခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု ယနေ့ မေလ ၁ ရက်တွင် ကျရောက်သည့် ၁၃၃ နှစ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)အတွက် သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းပြောဆိုထားသည်။

စစ်အာဏာသိမ်းပြီးချိန်မှစ၍ အလုပ်သမားများအနေဖြင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် (FOA)နှင့် စုပေါင်းအရေးဆိုခွင့်၊ အဓ္ဓမခိုင်းစေမှုများအပါအဝင် အလုပ်သမားများ၏ လုပ်ငန်းခွင်အတွင်း အခြေခံရှိရမည့် အခွင့် အရေးများ ချိုးဖောက်ခံရသည်ကို ကြုံတွေ့နေရသည်မှာ ခေတ်အဆက်ဆက် အာဏာသိမ်းမှုများ၏ နောက်ဆက်တွဲ ဆိုးကျိုးများပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သည့် အလုပ်သမား ခေါင်းဆောင်များကို မတရားဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နှစ်ရှည်ထောင်ချခြင်းနှင့် သေဒဏ်ချမှတ်သည့်ကိစ္စများကို ရက်စက်စွာ ကျူးလွန်ခဲ့ကြကြောင်း မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ဆိုသည်။

ထို့အပြင် စစ်ကောင်စီမှ ပြည်သူလူထုအား အကြောက်တရား လွှမ်းမိုးစေရန် နယ်မြေများတွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် လေကြောင်းမှ ဗုံးကျဲမှုများဖြင့် လူသားမျိုးနွယ်တုန်း သတ်ဖြတ်မှုများကို လူသားမဆန်စွာ ပြုလုပ်ခြင်း၊ တိုင်းရင်းသား ဒေသများနှင့် ရွာများ၊ အိမ်များကို မီးရှို့ဖျက်စီးမှုများကြောင့် အိုးပစ်အိမ်ပစ် စစ်ဘေးရှောင်များအဖြစ် ဒုက္ခများစွာ ရောက်ရှိနေရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မတရား သတ်ဖြတ်ခံရသူ ၃၄၂၇ ဦး၊ အဖမ်းဆီးခံရသူ ၂၁၄၇၄ ဦးရှိနေပြီး အမျိုးသမီး စုစုပေါင်း ၄၃၀၇ ဦး ဖမ်းဆီးခံထားရသည်ဟု မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု၏ သဝဏ်လွှာတွင် ဖော် ပြပါရှိသည်။

ယင်းအပြင် ကျေးရွာများ မီးရှို့ခံရခြင်း၊ ဗုံးကြဲခံရခြင်း၊ လေကြောင်း တိုက်ခိုက်ခံရခြင်းများကြောင့် နေရပ်စွန့်ခွာ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် စုစုပေါင်း ၁.၈ သန်း ရှိနေပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ ၁.၄ သန်း ရှိနေကာ စစ် ဘေး အခြေအနေများကြောင့် လူသားခြင်းစာနာထောက်ထားမှု အကူအညီစောက်ရှောက်မှု လိုအပ်နေသည့်လူဦးရေမှာ ၁၇.၆ သန်းခန့်ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါလုပ်ရပ်များအပြင် အခြားသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် အလုပ်သမားအများအပြားအနေဖြင့် အလုပ်လက်မဲ့ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှံး၍ နေရပ်စွန့်ခွာ အလုပ်အကိုင်ရှာဖွေရသည့် အတွက်ကြောင့် အထောက်အထားမရှိသော ရွှေ့ပြောင်းအလုပ်သမားများအဖြစ် နေရကြောင်း မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ပြောသည်။

မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုသည် လုပ်ငန်းခွင်အတွင်းရှိရမည့် အခြေခံစည်းမျဉ်းများနှင့် ပါတ်သက်သည့် ချိုးဖောက်မှုများအားလုံး ရပ်တန့်နိုင်ရန် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် အရေးယူဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီအပေါ် ငွေကြေးစီးဆင်းမှု လုံးဝရပ်တန့်စေရန်အတွက် အလုံးစုံစီးပွားရေး ပိတ်ဆို့မှု (Comprehensive Economic Sanctions CES)ကို မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုအပါအဝင် အဖွဲ့အစည်းပေါင်း (၂၀၀) ဖြင့် အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

လက်မှတ်ထိုးရန် ကျန်ရှိနေသော ILO Convention (၉၈)အပါအဝင် အလုပ်ခွင်အခြေခံစည်းမျဉ်းများနှင့် လုပ်ပိုင်ခွင့်များဆိုင်ရာ ပြဌာန်းချက်များအား လက်မှတ်ရေးထိုးရေး၊ အနည်းဆုံးအခကြေးငွေကို ဥပဒေနှင့်အညီ သတ်မှတ်ပေးရေး၊ တော်လှန်ရေးကာလအတွင်း ထိခိုက်နစ်နာခဲ့ရသော အလုပ်သမားများ၊ ပုဂ္ဂလိကဝန်ထမ်း CDM များ၊ နိုင်ငံ့ဝန်ထမ်း CDM များနှင့်စပ်လျဉ်း၍ အသွင်ကူးပြောင်းရေးကာလတွင် အသွင်ကူးပြောင်းရေးကာလ ဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ပေးရေးတို့ကို မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုအနေဖြင့် တောင်းဆိုထားသည်။

#Ayeyarwaddy_Times