နှင်းလွင်နိုင်း
မေလ ၁ ရက်
စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် အလုပ်သမားများအပေါ် မတရားမှုများသည်လည်း ယခင်ကထက် ပိုမိုဆိုးရွား များပြားလာခဲ့သည်။ လက်ရှိကာလတွင် အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများသည် အကျပ်အတည်းများဖြင့် ရှင်သန်နေထိုင်ကြရပြီး စီးပွားရေးလုပ်ငန်းများနှင့် အသက်မွေး၀မ်းကျောင်းမှုမှာ ခြိမ်းခြောက်ခံနေရသည်။
အလုပ်သမားများသည် ၎င်းအခွင့်အရေးကို ယခင်ကတည်းက မရရှိခဲ့သလို ယခုအချိန်ထိလည်း အခွင့်အရေးများ ချိုးဖောက်ခံရနေရဆဲဖြစ်ကြောင်း ရန်ကုန်မြို့၊ ရွှေပြည်သာမြို့ရှိ အထည်ချုပ်စက်ရုံတစ်ရုံမှ ၀န်ထမ်းအမျိုးသမီးတစ်ဦးက ဆိုသည်။
“အခါကြီးရက်ကြီးတွေတောင် အလုပ်ပိတ်မပေးဘူး။ ရသင့်ရထိုက်တဲ့ လုပ်ခလစာလည်း မပေးဘူး။ အလုပ်သမားတွေက ခေတ်အဆက်ဆက် ဖိနှိပ်ခံနေရသလို အခွင့်အရေးတွေ လည်း ချိုး ဖောက်ခံနေရဆဲပဲ” ဟု ၎င်းက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကြုံတွေ့လာရသည့် အလုပ်အကိုင်ဆုံးရှုံးမှုများ
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ဆုံးရှုံးမှုများကို အများဆုံး ရင်ဆိုင်ခဲ့ရပြီး ၂၀၂၀ ခုနှစ် အလုပ်အကိုင်ရရှိမှုနှင့် နှိုင်းယှဉ်ပါက အလုပ်ရရှိမှု ၁ ဒဿမ ၁ သန်း နည်းပါးသွားကြောင်း ၂၀၂၂ ခုနှစ်တွင် ILO အဖွဲ့က ထုတ်ပြန်ခဲ့သည်။
“အလုပ်မရှိတော့ စိတ်ဓာတ်တွေပါ ကျလာတယ်။ အရင်က ကျွန်တော်က ဂျပန်ဆိုဒ် တစ်ခုမှာ လုပ်တာ။ ၀င်ငွေလည်း ကောင်းတယ်။ ပိတ်သွားတာ သုံး လလောက်ရှိပြီ အလုပ်မရှိဘဲ နေ့စဉ်ဖြတ်သန်းနေရတော့ ရန်ကုန်မှာနေဖို့ အတော်ခက်ခဲတယ်။ နယ်ပြန်ရင်လည်း လုပ်စရာမရှိဘူး” ဟု သန်လျင်မြို့နယ်မှ အလုပ်လက်မဲ့ဖြစ်နေသည်မှာ လေးလခန့်သာရှိသေးသည့် အလုပ်သမားတစ်ဦးက ဆိုသည်။
ဖိနှိပ်ခံနေရသည့်လုပ်သားများ
အလုပ်သမားများသည် ပြည်တွင်းလုပ်ငန်းရှင်များ၏ ဖိနှိပ်မှုကိုသာမက နိုင်ငံခြားသားလုပ်ငန်းရှင်များ၏ မတရားခိုင်းစေမှုကိုလည်း ခံနေကြရပြီး ကာကွယ် ရပ်တည်ပေးမယ့်သူ မရှိသည့်အတွက် အခက်အခဲများ ရင်ဆိုင်နေ ရကြောင်း သိရသည်။
စစ်ကောင်စီက ယင်းအခြေအနေကို လျစ်လျူရှုကာ ၎င်းတို့အနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟု ဝါဒဖြန့်သတင်းများကိုသာ ဖော်ပြပြောဆိုလျှက်ရှိသည်။
စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အလုပ်ဌာနများမှ အလုပ်သမားများအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ရပိုင်ခွင့်များ ပြည့်ဝမှန်ကန်စွာ ရရှိစေရေး စစ်ဆေးစည်းကြပ် ဆောင်ရွက်ပေးလျက်ရှိသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် စစ်ခေါင်းဆောင်က ၂၀၁၁ ခုနှစ်၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ အလုပ်သမား အဖွဲ့အစည်း ၃,၀၁၅ ဖွဲ့နှင့် အလုပ်ရှင် အဖွဲ့အစည်း ၂၈ ဖွဲ့ကို ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ယင်းအဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိ သည်ဟု ယနေ့ မေလ ၁ ရက်တွင် ကျရောက်သည့် ပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုသည်။
စစ်ခေါင်းဆောင်က ထိုသို့ဆိုထားသော်လည်း မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်-IWFM က ၎င်းတို့အဖွဲ့ဝင်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ၃၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး အနည်းဆုံး ၅၃ ဦးခန့်မှာ ညင်းဆဲသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထို့ပြင် လုပ်ငန်းခွင်အဆင့်မှ နိုင်ငံအဆင့်အဖွဲ့ချုပ်အထိ ခေါင်းဆောင် အများအပြားမှာ လုံခြုံမှုမရှိ ပုန်းရှောင်နေရ သည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာနိုင်ငံသည် အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့်စည်းရုံး ဆောင်ရွက်ခွင့်ဆိုင်ရာILO ပြဋ္ဌာန်းချက်အမှတ် (၈၇)ကို လက်ခံကျင့်သုံး လျက်ရှိဟုလည်း စစ်ခေါင်းဆောင်က ဆိုပြန်သည်။
အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် ဖွဲ့စည်းထားသော အလုပ်သမား သမဂ္ဂများသည် လုပ်ခလစာ တိုးမြှင့်ရေး၊ တစ်ပတ်ကို ၁ ရက် လုပ်အားခအပြည့်ဖြင့် အလုပ်ပိတ်ရေး စသည့်လှုပ်ရှားမှုမျိုးပင် လုပ်ဆောင်နိုင်ခြင်း မရှိဘဲ စစ်အာဏာရှင်နှင့် အလုပ်ရှင်အကျိုးစီးပွားကိုသာ အထောက်အပံ့ပေးနေသည့် သမဂ္ဂများဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာ အောင်က ဆိုသည်။
“စက်ရုံအလုပ်သမတွေဆို ပူပြင်းရာသီမှာ လုပ်ငန်းခွင်စက်ရုံထဲမှာလည်း ပူလောင်ပြီး နေရတာ။ ဒါကို ဖိအားပေးပြီး အချိန်ကျော်အလုပ်ခိုင်းတာတွေရှိတယ်။ ဖယ်ရီ ဆိုပေမယ့် ငါးပိသိပ် သလိုသွားရတာ။ မိန်းကလေးတွေဖြစ်ပေမယ့် ရပ်စရာနေရာမရှိလို့ ခိုတွယ်ပြီး စီးရတယ်။ ရပ်တည်ပြောပေးမယ့်သူမရှိတော့ အကုန်ငြိမ်ခံနေကြရတာ။ ပြောရင်လည်း အလုပ်ထုတ်တာ” ဟု လှိုင်သာယာစက်မှုဇုန်တွင် လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
စာချုပ်ပေါ်ကအလုပ်သမားစည်းမျဉ်းဥပဒေ
စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ စည်းကြပ်သည့် ဥပဒေများတွင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၌ ပြဋ္ဌာန်းချက်နှင့်အညီ အလုပ် ရှင်သည် အလုပ်သမားခန့်အပ်ပြီးသည်နှင့် ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရမည်ဖြစ်ပြီး စာချုပ်ပါ ၂၁ ချက်ကို သတ်မှတ်ချက်နှင့်အညီ ချုပ်ဆိုရန်လိုကြောင်း ဆိုသည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုသော လုပ်ငန်းခွင် စည်းကမ်းများသည် တည်ဆဲဥပဒေ တစ်ရပ်ရပ်နှင့် ညီညွတ်ရမည်။ အလုပ်သမား၏ အကျိုးခံစားခွင့်များသည်လည်း တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ခံစားခွင့် များအောက် လျော့နည်းခြင်းမရှိရန်လိုအပ်သည်။
ထို့အပြင် အလုပ်ရှင်နှင့်အလုပ်သမား နှစ်ဖက် သဘောတူညီမှုဖြင့် အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ လုပ်ငန်းခွင် စည်းကမ်းနှင့် အကျိုးခံစားခွင့်များကို တည်ဆဲဥပဒေနှင့်အညီ လိုအပ် သလိုပြင်ဆင်နိုင် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
“ပြည်တွင်းက စက်ရုံအများစုမှာ ဥပမာအနေနဲ့ အလုပ်သမားတွေကို လုပ်ခလစာ အပြည့်မပေးရရေးအတွက် သုံးလတစ်ခါ အလုပ်ထုတ်ပြီး ပြန်ခန့်၊ ထပ်ခါထပ်ခါ အလုပ်ထုတ်တာမျိုးတွေ ဖြစ်လာပါတယ်။ ဥပဒေအရဆို အစမ်းခန့်ကာလမှာ လစာရဲ့ ၇၅ ရာခိုင်နှုန်း ပေးရတယ်ပေါ့။ လစာမပြည့်မပေးရဘူး။ အဲဒီဝော့ာ အစမ်းခန့်ပြီးရင် အလုပ်ထုတ်၊ ပြန်ခန့်တယ်၊ အဲဒီလိုမျိုးပါ” ဟု MICS အဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။
လုပ်ခလစာခေါင်းပုံဖြတ်ခံရမှု
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က အနည်းဆုံး အခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများအား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်၌ ပြဋ္ဌာန်းခဲ့ကာ ၂ နှစ် တစ်ကြိမ် သုံးသပ် ပြင်ဆင်ရမည်ဟု သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။
မြန်မာနိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်နေသည့် လုပ်သားများသည် အနည်းဆုံး လုပ်ခလစာ ကျပ်တစ်သောင်းအထိ တိုးမြှင့်ပေးရန်နှင့် ယနေ့ကျရောက်သည့် အပြည် ပြည်ဆိုင်ရာအလုပ်သမားနေ့၌ တောင်းဆိုသွားမည်ဟု သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(STUM)မှ အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် လုပ်သားများရရှိနေသည့် လုပ်ခလစာတစ်ရက်လျှင် ၄,၈၀၀ ကျပ်ဖြစ်ပြီး အဆမတန်မြင့်တက်လာသည့် ကုန်ဈေးနှုန်းကြောင့် ခက်ခဲကျပ်တည်းလာသည့် စား၀တ်နေရေးများကြောင့် ယခုလိုတိုးမြှင့် တောင်းဆိုရ ခြင်းဖြစ်ကြောင်း ဆိုသည်။
အနည်းဆုံး အခကြေးငွေနှုန်းထားကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင် ပထမဦးဆုံးအကြိမ် သတ်မှတ်နိုင်ခဲ့ပြီး နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်းဖြင့် တနေ့အလုပ်ချိန် ၈ နာရီ အတွက် ကျပ် ၃,၆၀၀ နှုန်း သတ်မှတ်ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းခြင်းကို အခွင့်ကောင်းယူ၍ အလုပ်ရှင်များက ဥပဒေပါခံစားခွင့်များကို ချိုးဖောက်ခြင်းများရှိကာ လုပ်ခလစာများကို အပြည့်မပေးခြင်း အလုပ်ချိန် ပိုခိုင်းစေ ခြင်းများရှိလာပြီး လစားအလုပ်သမားအဖြစ် မခန့်အပ်တော့ဘဲ အလုပ်သမားများကို နေ့စားများအဖြစ်သာ ခိုင်းစေ၍ အခွင့်အရေးချိုးဖောက်မှုများ ပိုမိုလုပ်ဆောင် လာကြောင်း သိရသည်။
မြန်မာနိုင်ငံကိုစွန့်ခွာလာသည့်ရွှေ့ပြောင်းလုပ်သားများ
ထို့သို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအပြင် စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ အဖြစ် ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ရန် ထွက်ခွာမှုများ နေ့စဉ် တိုးလာကြောင်း ပြည်ပအလုပ်ကိုင် အေဂျင်စီများထံက သိရသည်။
“ဒီလတစ်လတည်းကို ပို့ပေးရသူမနည်းဘူး။ အမျိုးသမီးသီးသန့်ပေါ့နော်။ အရစ်ကျစနစ်နဲ့ သွားရတော့ ပိုသွားကြတယ်။ လစာလည်း တူတူတန်တန်ရတော့ ပြည်ပပဲ သွားလုပ် ကြတော့တယ်”ဟု စင်ကာပူနိုင်ငံတွင် အလုပ်ရှာဖွေပေးသည့် အေဂျင်စီတစ်ခုက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြေစာပင်လုပ်သားများ
မြန်မာနိုင်ငံအတွင်းမှ အလုပ်သမားများသာမက ပြည်ပနိုင်ငံများတွင် အလုပ်လုပ် ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများမှာလည်း အာဏာသိမ်းခြင်း၏ ဆိုးကျိုးများကို ခံစားလာရပြီး ဆပ်စပ်နေသည့် နှစ်နိုင်ငံအစိုးရများကြား မြေစာပင်များ ဖြစ်လာရသည်။
အဆိုပါအခြေအနေနှင့်ပတ်သက်၍ အာဏာသိမ်း စစ်ခေါင်းဆောင်ကမူ ပြည်ပ နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေနှင့်အညီ ရပိုင်ခွင့်များရရှိနိုင်ရေးအတွက် မြန်မာ အလုပ်သမား အများဆုံး သွားရောက် အလုပ်လုပ်ကိုင်သည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့တွင် အလုပ်သမား သံအရာရှိများ ခန့်အပ်ထားရှိသည်ဟု ဆိုသည်။
ယင်းအပြင် နိုင်ငံတကာရှိ မြန်မာသံရုံးများကလည်း လိုအပ်သည့် ကာကွယ်စောင့်ရှောက် မှုများ ပြုလုပ်ပေးလျက်ရှိသည်ဟု ယနေ့ မေလ ၁ ရက်တွင် ကျရောက်သည့် ပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်း အနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောထားသည်။
ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းလုပ်သားများ
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက် ၃ သန်းကျော်အထိ ရှိလာနေပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေ့ပြောင်းအရေအတွက် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
“အာဏာသိမ်းဖြစ်စဉ်က မြန်မာနိုင်ငံအရေးဆိုပေမယ့် ဒီကနေတစ်ဆင့် တခြား နိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ သိန်းနဲ့၊ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေပေါ်ကို သက်ရောက်မှုရှိလာတယ်။ ထိုင်းနိုင်ငံဆိုလဲ မြန်မာနဲ့ အစိုးရ အချင်းချင်း ချိတ်ဆက်မှု တွေရှိနေတော့ အစိုးရဌာနတွေကပဲဖြစ်ဖြစ်၊ ထိုင်းကအာဏာပိုင်တွေ ကပဲဖြစ်ဖြစ် မြန်မာအလုပ်သမားတွေ အားကိုးရာမဲ့နေတာကိုသိတယ်။ အဲဒီတော့ ဒီလူတွေက သူတို့လက်ခုပ်ထဲကရေပဲ။ သူတို့ လုပ်ချင်သလို လုပ်လို့ရတယ်” ဟု ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့က Legal Aid Unit Chief မသူဇာကြိုင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မဲဆောက်ပါ ဝင်နေသည့် တာ့ခရိုင်အတွင်း အာဏာမသိမ်းခင်က မြန်မာရွှေ့ ပြောင်းလုပ်သား ၈ သောင်းဝန်းကျင်သာရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသူများအပါအဝင် လူဦးရေ တစ်သိန်းခွဲ (၁၅၀,၀၀၀) ဝန်းကျင်အထိ တိုးလာခဲ့ကြောင်း သိရသည်။
“ဒီနှစ်အတွက် ထပ်တိုးလာတဲ့ စာရင်းတော့ မသိရသေးဘူး။ ဒီဝင်ရောက်လာတဲ့ အလုပ်သမားတွေကို တိတိကျကျ စစ်တမ်းကောက်ယူထားဖို့က ခက်တယ်။ ဝင်လာတဲ့ သူတွေကလည်း ဝောာက်လျှောက်ရှိနေသလို၊ ထွက် သွားတဲ့သူတွေကလည်း တောက်လျှောက်ရှိနေတာ” ဟု မသူဇာကြိုင်က ပြောသည်။
မြန်မာနိုင်ငံမှ တရားဝင် အလုပ်သမားဖြစ်စေ၊ တရားမဝင် အလုပ်သမားဖြစ်စေ ထိုင်းနိုင်ငံတွင် ကြုံတွေ့နေရသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုမှာ အများအားဖြင့် လုပ်အားခ အပြည့်အဝမရခြင်းဖြစ်သည်။ အလုပ်သမားဥပဒအရ လုပ်အားခ အပြည့်အဝပေးရမည်ဟု ဆိုသော်လည်း အလုပ်ရှင်များမှ လုပ်ငန်း ကျွမ်းကျင်မှုကို အကြောင်းပြကာ လုပ်အားခ အပြည့်မပေးခြင်းများ ဖြစ်ပွားနေကြောင်း သိရသည်။
ထို့အပြင် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများသည် လုပ်အားခ အပြည့်အဝ မရသည့်အပြင် သတ်မှတ်အလုပ်ချိန်ထက် ပိုမိုအလုပ်လုပ်နေကြရသည်။ တရားဝင် သတ်မှတ်ချက်အရ အလုပ်ချိန် ၈ နာရီ သတ်မှတ်ထားသော် လည်း မြန်မာလုပ်သားအများစုမှာ မနက် ၈ နာရီမှ ည ၁၀ နာရီဝန်းကျင်အထိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ဆင်းနေကြရသည်။
“အလုပ်ထဲမှာဆို အဓမ္မခိုင်းစေနေတာကို ကြုံရတယ်။ တစ်နေ့နေ့စားခ ဘတ် ၂၀၀ ရတယ်ဆို ၂၅၀ ပိုပေးပေမဲ့ အလုပ်ကို အကုန်ပြီးရမယ်ဆိုတဲ့ ဖိနှိပ်ပြီးခိုင်းတာတွေရှိတယ်။ နောက်ပြသနာတစ်ခုက အလုပ်ပုံမှန်မရှိတော့ပါ။ မဲဆောက်မှာဆိုရင် တရားဝင် စက်ရုံကြီးတွေထက် အိမ်ရုံလို့ခေါ်တဲ့ အလုပ်သမား ၅၀ ဝန်းကျင်လောက်ရှိတဲ့ စက်ရုံတွေကများတယ်။ အဲဒီမှာဆို အထောက်အထားမရှိတဲ့ အလုပ်သမားတွေက များတယ်။ အခုနောက်ပိုင်းမှာ အလုပ်သမားများလာတာနဲ့အတူ အခွင့်အရေးချိုးဖောက် ခံရတာတွေက ပိုများလာတယ်” ဟု ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ မသူဇာကြိုင်က ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံရေးအခြေအရ အလုပ်အကိုင် ရှားပါးမှုများကြောင့် ထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်နိုင်ရန် မြန်မာငွေကျပ်သိန်း ၂၀ ဝန်းကျင် အကုန်ကျခံ၍ လာရောက်လုပ်ကိုင်ကြသော်လည်း အလုပ်ရှင်များမှ အထောက်အထားများကို သိမ်းဆည်းခြင်း၊ အဓမ္မဖိအားပေး အလုပ်ခိုင်းစေခြင်းများကို ကြုံတွေ့နေကြရသည်။
ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားများမှာ အာဏာမသိမ်းခင် ကိုဗစ်ကာလ အချိန်များကပင် လုပ်ငန်းခွင်အတွင်း ကိုဗစ်-၁၉ ရောဂါကို အကြောင်းပြ၍ ခွဲခြားဆက်ဆံခြင်းခံရပြီး ကျန်းမာရေးကုသမှုမရခြင်း၊ စက်ရုံများအတွင်း လှောင်ပိတ် ခံထားရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားခဲ့ကြရသည်။
“ထိုင်းနိုင်ငံသားမဟုတ်လို့ ဆေးကုသခွင့် မရတာတို့၊ ကိုဗစ်ကာလမှာ မြဝတီ-မဲဆောက် တံတားတွေ ပိတ်လိုက်တော့ ပြန်ဖို့အခွင့်လမ်းတွေ ပိတ်ကုန်တော့ ပြန်ချင်တိုင်းပြန်လို့ မရတော့ဘူးဆိုပြီး ဖိနှိပ်မှုတွေကြုံရပြီး လူမျိုးခွဲ ခြားမှုတွေပါ ကြုံရတယ်။ မြန်မာလူမျိုးမို့ ဘယ်နေရာတွေကိုတော့ သွားခွင့်မရှိဘူးဆိုတဲ့ အနေအထားတွေပါဖြစ်လာတယ်” ဟု မသူဇာကြိုင်က ဆက်လက်ပြောပြသည်။
ယခုကဲ့သို့ အခွင့်အရေး ချိုးဖောက်ခံရမှုများကို အာဏာမသိမ်းမီ ရွေးကောက်ခံ အစိုးရလက်ထက်က မြန်မာသံအရာရှိများမှ ကွင်းဆင်း၍ နယ်မြေခံအလုပ်သမားရေး ဆောင်ရွက်နေသည့်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ကူညီ ဖြေရှင်းမှုများ ပြုလုပ်ခဲ့သော် လည်း စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ရွှေ့ပြောင်းအလုပ်သမားအရေးကို ဆောင်ရွက်ပေးမှု မရှိသလောက် ရှားနေကြောင်း သိရသည်။
“ကျွန်မတို့က တော်လှန်တဲ့အဖွဲ့အစည်းဖြစ်တာကြောင့် အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီလက်အောက်က သံရုံးတွေ၊ အရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတော့ဘူး။ သူတို့အနေနဲ့ကလည်း ကျွန်မတို့သိသလောက်ဆို အလုပ်သမားအရေးတွေ ကွင်းဆင်းဆောင်ရွက်တာ မရှိတော့ဘူး။ သူတို့လုပ်တာဆိုလို့ သူတို့အကောက် အခွန်ရမယ့် လက်မှတ်အထောက်အထားတွေ ထုတ်ပေးတဲ့နေရာတွေ၊ MOU လုပ်ငန်းစဉ်တွေမှာပဲ လုပ်ဆောင် နေကြတယ်” ဟု မသူဇာကြိုင်က ဆိုသည်။
နှစ်စဉ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာအလုပ်သမားနေ့ (မေဒေး) အဖြစ် ဧရာ၀တီတိုင်းမ် သတင်းဌာနမှ တင်ဆက်ခြင်း ဖြစ်ပါသည်။
#သတင်းဆောင်းပါး #စစ်တပ်အာဏာသိမ်းမှု #မြေစာပင် #မြန်မာလုပ်သားများ #ကမ္ဘာ့အလုပ်သမားနေ့ #Ayeyarwaddy_Times