ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ အာဏာသိမ်းခံရပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဖိနှိပ်မှုများခံနေရသော်လည်း တော်လှန်ရေးတွင် တက်နိုင်သည့်ဘက်မှ တက်ကြွစွာပါဝင်ကူညီနေကြသည် ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားအများစုမှာ လုပ်အားခအပြည့်အဝမရရှိခြင်း၊ အလုပ်ချိန်ကျော်လွန်၍ အလုပ်လုပ်ရခြင်း၊ ခွဲခြားဆက်ဆံခြင်းများ ခံနေရပြီး အကူအညီပေးမည်နောက်ခံအစိုးရမရှိခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းအာဏာပိုင်နှင့် အလုပ်ရှင်များ၏ဖိနှိပ်မှုများကို ခံနေကြရကြောင်း အလုပ်သမားရေးအကူအညီပေးသည့်အဖွဲ့များက ဆိုသည်။
“ဒီကရွှေ့ပြောင်းအလုပ်သမားတွေဆိုတာကလည်း တော်လှန်ရေးစကတည်းက သူတို့ရဲချွေးနှဲစာတွေကို အခုချိန်ထိစဉ်ဆက်မပြတ်ထောက်ပံ့လှူဒါန်းနေကြတယ်။ ကျွန်မတို့အဖွဲ့အစည်းဆိုလည်း တော်လှန်ရေးစတည်းက ကျွန်မတို့နဲ့ပူးပေါင်းထားတဲ့ကွန်ရက်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပူးပေါင်းပြီး တက်နိုင်တဲ့ဘက်က ကူညီပေးနေကြတယ်။ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေ၊ ရိက္ခာခြောက်တွေ ပို့ဆောင်ကူညီပေးတာတွေကို အခုချိန်ထိလုပ်ပေးနေကြတယ်။” ဟု ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က Legal Aid Unit Chief မသူဇာကြိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အခက်အခဲများ၊ ဖိနှိပ်မှုများကြုံနေရသော်လည်း ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ မိမိတို့ တက်နိုင်သလောက် ငွေကြေးများကိုတော်လှန်ရေးအတွက် လစဉ်ပါဝင်လှူဒါန်းနေပြီး စစ်ဘေးရှောင်ပြည်သူများကိုလည်း ၎င်းတို့၏လုပ်အားခများထဲက လှူဒန်းခြင်း စာနပ်ရိက္ခာ ထောက်ပံ့ခြင်းများကို စဉ်ဆက်မပြတ်ကူညီပေးမှုများပြုလုပ်နေကာ တော်လှန်ရေးတွင်တစ်ထောင့်တစ်နေရာမှ အားဖြည့်ကူညီနေလျက်ရှိသည်။
ထို့အပြင် ယနေ့ မတ်လ (၁) ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင်လည်း ဘန်ကောက်မြို့ပေါ်၌ ထိုင်းနိုင်ငံရှိအလုပ်သမားသမဂ္ဂများနှင့်မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ စုပေါင်း၍ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးနှင့် အလုပ်သမားအခွင့်အရေး ရရှိရေးအတွက် လှည့်လည်ဆန္ဒပြခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ သုံးသန်းကျော်ရှိနေပြီး မဲဆောက်ဒေသဝန်းကျင်တွင် လူဦးရေ ၈ သောင်းကျော်ရှ်ိကာ အာဏာသိမ်းပြီးနောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသူများအပါဝင် လူဦးရေ ၁ သိန်းခွဲခန့်တိုးလာခဲ့ကြောင်း သိရသည်။
#ရွှေ့ပြောင်းအလုပ်သမား #ထိုင်းနိုင်ငံ #ဝောာ်လှန်ရေး #Ayeyarwaddy_Times