ဧရာဝတီတ်ိုင်းမ်
မေလ ၁ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ရေလဲစခန်းမှူး စိုးလင်းမြတ်နှင့် တပည့်ဖြစ်သူ နယ်ထိန်းမိုးကျော်သူ ခေါ် မှုံဝါးတို့သည် ဒေသခံအချို့ကို လောင်းကစားလုပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးငွေတောင်းခံမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စွပ်စွဲခံရသူ ဒေသခံအချို့ကို ရဲစခန်းသို့ ဖမ်းဆီးခေါ် ဆောင် သွားပြီးနောက် ၎င်းတို့ထံက ကျပ်ငွေ ၅ သိန်းကျော်ကို တောင်းယူပြီး ပြန်လွှတ်ပေးခဲ့ကြောင်း မအူပင်ဒေသခံတစ်ဦးက ပြောသည်။

“ဘာလောင်းကစားမှ မလုပ်တဲ့ပြည်သူတွေကြဖမ်းတယ်၊ ငွေတောင််းတယ်။ စခန်းမှူးကိုယ်တိုင်က နှစ်လုံးချဲထိုးနေတာ မြင်နေရတာပဲ။ စခန်းမှူးတပည့် နယ်ထိန်း မှုံဝါးကလည်း ဒေသခံတွေဆီ အရက်ဖိုးတောင်းတယ်၊ အရက်တိုက်ခိုင်းတယ်။ ဘာမှလုပ်မပေးတဲ့သူဆို ပြသနာရှာပြီး ဖမ်းမယ်လုပ်တယ်” ဟု မအူပင်မြို့ ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရေလဲစခန်းမှူး စိုးလင်းမြတ်နဲ့ နယ်ထိန်း မိုးကျော်သူ ခေါ် မှုန်ဝါးတို့နှစ်ဦးသည် မအူပင်ကို တိုင်းရဲမင်းကြီး လာရောက်မည်ဟု အကြောင်းပြကာ နယ်မြေအတွင်း ဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်းလုပ်သူများထံကနေ ငွေများကို
လိမ်လည် တောင်းယူခဲ့မှု ရှိခဲ့ကြောင်း လည်း ဒေသခံများထံက သိရသည်။

“ပြီးတော့ ရေလဲ စခန်းမှူး စိုးလင်းမြတ်က မိန်းမနှစ်ယောက် ရှိတယ်။ ရေလဲ စခန်းထဲမှာ ပေါင်းနေတာက တစ်ယောက်။ သူနဲ့က သားတစ်ယောက်ရှိတယ်။ အပြင်မှာ လည်း ပေါင်းနေတာ မိန်းမတစ်ယောက်ရှိတယ်။ အပြင်မှာ ပေါင်းနေတဲ့ မိန်းမနဲ့က သမီးလေးတစ်ယောက်မွေးထားတယ်” လို့ မအူပင်မြို့နယ် ရဲတပ်ဖွဲ့နှင့်နီးစပ်သူ အမျိုးသမီးက ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်ကလည်း ဒေသခံများ အိမ်ဆောက်ရန် ဝယ်လာသည့် သစ်များကို ဖမ်းဆီးပြီး ငွေတောင်းယူမှုများပြုလုပ်ခဲ့ကြောင်း လည်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

#မအူပင် #ဒေသခံအချို့ကို #လောင်းကစားလုပ်တယ်လို့စွပ်စွဲ #စခန်းမှူးနယ်ထိန်းဖမ်းဆီးငွေတောင်း
#Ayeyarwaddy_Times