ဧရာဝတီတိုင်းမ်
မေလ ၁ ရက်

ရခိုင်ပြည်၊မြောက်ပိုင်းရှိ ကျောက်တော်နှင့်မြောက်ဦးစစ်ဆေးရေးဂိတ်တို့တွင် စစ်တပ်က တင်းကျပ်စွာစစ်ဆေးမှုများကြောင့် ခရီးသွားလာနေသူများအတွက် အချိန်ကြန့်ကြာသည့်အပြင် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုများပါ ထိခိုက်နေရကြောင်း ဒေသခံပြည်သူများထံက သိရသည်။

ကျောက်တော်မြို့အခြေစိုက် စကခ ၉ တပ်မစစ်ဆေးရေးဂိတ်တွင် ရန်ကုန်- စစ်တွေ၊စစ်တွေ- ကျောက်တော်- မြောက်ဦးစသည့်နေရာများသို့ သွားလာနေသည့် ခရီးသည်ကားများနှင့်ကုန်ကားများအား မှတ်ပုံတင်စစ်ဆေးသည့်အပြင် ခရီးသည်များကိုပါ လမ်းဆင်းလျှောက်ခိုင်းကြောင်း ခရီးသွားလာနေသူများနှင့် ကားသမားများထံမှသိရသည်။

” အရင်ဆိုရင် ကားသမားကပဲ မှတ်ပုံတင်ဆင်းပြပြီးတော့ ကားပေါ်မှာ အမျိုးသား ဘယ်နှစ်ဦး၊အမျိုးသမီးဘယ်နှစ်ဦးပါတယ်ဆိုတာပြောလိုက်ရင် ရပြီ။သူတို့လည်း ကားထဲကို ဝင်ကြည့်ပြီးတော့ သွားခိုင်းတယ်။အခုတော့ ကားသမားရော ခရီးသည်တွေရော အကုန်လုံး မှတ်ပုံတင်ပြရတဲ့အပြင် အကုန်လုံးကို ကားပေါ်ကဆင်းပြီး လမ်းလျှောက်ခိုင်းတယ်။ဒါကတော့ အကုန်လုံးအတွက် စိတ်မသက်သာရာရောက်စေတယ်။အချိန်လည်းကုန်တယ်။ပြီးတော့ ခရီးသွားလာသူတွေကိုလည်း စိုးရိမ်စိတ်ဝင်စေပါတယ်” ဟု စစ်တွေနှင့်မြောက်ဦးသို့ ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အလားတူ မြောက်ဦး- မင်းပြားကားလမ်းမရှိ မြောက်ဦးအခြေစိုက် ခမရ ၅၄၀ တပ်ရင်းဂိတ်တွင်လည်း ကားသမားများနှင့်ခရီးသည်များအား စစ်ဆေးလျှက်ရှိပြီး ဆိုင်ကယ်သမားများကိုလည်း ဆင်းတွန်းကာ သွားခိုင်းကြောင်း သိရသည်။

” အဲ့လိုစစ်ဆေးနေတော့ အကုန်လုံးတန်းစီပြီးစောင့်နေရတယ်။ အချိန်ကြာတယ်။အရေးတကြီးကိစ္စရှိရင်လည်း နောက်ကျတာပေါ့။ဆိုင်ကယ်တွေဆိုရင်လည်း ဖြတ်မောင်းခွင့်မရဘူး။ဂိတ်အလွန်ထိ တွန်းသွားရတယ်။တိုက်ပွဲကာလကလည်း လွတ်လွတ်လပ်လပ်သွားလာခွင့်မရဘူး။တိုက်ပွဲမရှိတဲ့ကာလလည်း မလွတ်လပ်ဘူး” ဟု ခရီးသည်တစ်ဦးကပြောသည်။

၂၀၂၂ခုနှစ်၊ဇူလိုင်လအတွင်းမှစ၍ ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် AA တို့၏ တစ်ကျော့ပြန်တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ချက်နှင့် လမ်းခရီး
ပိတ်ဆို့မှုများကြောင့် ရခိုင်ပြည်နယ်အတွင်း စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးပြတ်လပ်မှုများ ရှိခဲ့သည်။

ထို့ကြောင့် ပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား ပြေလျော့စေရန် နှင့် လွတ်လပ်စွာသွားလာခွင့်ရရန်အတွက်
လူသားချင်းစာနာမှုဆိုင်ရာ နားလည်မှုသဘောတူညီချက်ဖြင့် စစ်ကောင်စီနှင့် ရခိုင်တပ်တော် AA တို့ကြား နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ အပစ်အခတ်ရပ်စဲခဲ့ကြခြင်း ဖြစ်သည်။

သို့သော် စစ်ကောင်စီဖက်မှ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များအား ဂရုမမူဘဲ ယခုကဲ့သို့ ပြည်သူများအား တင်းကျပ်စွာ
စစ်ဆေးမှုများပြုလုပ်နေခြင်းမှာ အဆိုးဖက်ကိုဦးတည်သွားနိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းကပြောသည်။

” စစ်ကောင်စီရဲ့ပြည်သူတွေကိုအခက်တွေ့အောင်လုပ်တဲ့နည်းဗျူဟာက အပစ်ခတ်ရပ်စဲပြီးတဲ့အချိန်မှာလည်း အဲ့စနစ်တွေကမပျောက်နိုင်သေးဘူး။အပစ်အခတ်ရပ်စဲထားတယ်ဆိုတာ ပြည်သူကိုငဲ့ညှာဖို့အတွက်ပဲလေ။ ပြည်သူကိုအခက်တွေ့အောင်၊ကြောက်လန့်အောင်လုပ်နေတာတွေကတော့ အပစ်အခတ်ရပ်စဲရေးကိုပြန်ပြီးပျက်စီးသွားနိုင်တယ်။ဒီလိုအချိန်မျိုးမှာ မလုပ်သင့်ဘူး။ဒါတွေကို ULA/AA ဖက်ကလည်း သေချာစောင့်ကြည့်ပြီးတော့ စစ်ကောင်စီနဲ့ပြောဖို့လိုအပ်တယ်” ဟု၄င်းကသုံးသပ်ပြောဆိုသည်။

မောင်တောမြို့နယ်၊မြောက်ပိုင်းတွင်လည်း တစ်ကျော့ပြန်တိုက်ပွဲများဖြစ်သည့်အချိန်မှစ၍ လက်ရှိအချိန်ထိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ဒေသခံများအား သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံစာပါမှသာလျှင် တစ်နေရာနှင့်တစ်နေရာသို့ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း သိရသည်။

#ရခိုင် #စစ်ကောင်စီ #စစ်ဆေးရေး #တင်းကျပ်
#Ayeyarwaddy_Times