နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁ ရက်

အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် ဖွဲ့စည်းထားသော အလုပ်သမား သမဂ္ဂများသည် လုပ်ခလစာ တိုးမြှင့်ရေး၊ တစ်ပတ်ကို ၁ ရက် လုပ်အားခအပြည့်ဖြင့် အလုပ်ပိတ်ရေး စသည့်လှုပ်ရှားမှုမျိုးပင် လုပ်ဆောင်နိုင်ခြင်းမရှိဘဲ စစ်အာဏာရှင်နှင့် အလုပ်ရှင်အကျိုးစီးပွားအတွက်သာ အထောက်အပံ့ပေးနေသည့် သမဂ္ဂများဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်က ပြောသည်။

စစ်တပ်က အာဏာသိမ်းခဲ့သည့်အတွက် အလုပ်သမားအခွင့်အရေးများ၊ လူ့အခွင့် အရေးများနှင့် ဒီမိုကရေစီအခွင့်အရေးများ အလွန်ဆိုးဝါးစွာ ချိုးဖောက်ခံနေရပြီး တိုင်းပြည်နှင့်ပြည်သူလူထုသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကျပ်တည်းမှုပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း (၁၃၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(မေဒေး)အတွက် CTUM ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီစနစ်မရှိဘဲ အလုပ်သမား သမဂ္ဂအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးများကို ကာကွယ်ရန်မှာ လုံးဝမဖြစ် နိုင်ကြောင်း CTUM က ပြောဆိုထားသည်။

“ကိုယ်ကဖြင့် အလုပ်သမားအခွင့်အရေးကို မလုပ်နိုင်ဘဲနဲ့ ကျွန်တော်တို့ လုပ်ဆောင် နေတယ်ဆိုတာကို ပြနေတာဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ရှိတယ်၊ မြန်မာနိုင်ငံမှာ အလုပ်ရှင်အလုပ်သမား ဆွေးနွေးညှိနှိုင်းလို့ရတယ်ဆိုတဲ့ မမှန်တဲ့အချက် အလက်ကို ပေးတာဖြစ်တယ်” ဟု CTUM ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်က ပြောသည်။

စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အလုပ်ဌာနများမှ အလုပ်သမားများအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ ရပိုင်ခွင့်များ ပြည့်ဝမှန်ကန်စွာ ရရှိစေရေး စစ်ဆေးစည်းကြပ် ဆောင်ရွက်ပေးလျက်ရှိသည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုထားသည်။

ထို့ပြင် စစ်ခေါင်းဆောင်က လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ဆွေးနွေးပွဲများကိုလည်း ပြုလုပ်ပေးလျက်ရှိကြောင်း ယနေ့ မေလ ၁ ရက်တွင် ကျရောက်သည့် ပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

အလုပ်ရှင် အလုပ်သမားများအကြား လုပ်ငန်းခွင်အတွင်း ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခြင်းဖြင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အလေ့အထ အားကောင်းလာခြင်း၊ ကောင်းမွန်သော လုပ်ငန်းခွင်ဆိုင် ရာ ရလဒ်များရရှိနိုင်ခြင်း၊ အငြင်းပွားမှုများ လျော့ကျနိုင်ခြင်း၊ လုပ်ငန်းခွင်အတွင်း အပြန်အလှန်ယုံကြည်မှု တိုးတက်ခြင်းတို့ရရှိရန်အတွက် ခုံသမာဓိကောင်စီ၊ ခုံသမာဓိအဖွဲ့နှင့် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များဖွဲ့စည်း၍ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း စစ်ခေါင်းဆောင်က ဆိုထားသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်က ထိုသို့ဆိုထားသော်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)အဖွဲ့ဝင် အလုပ်သမား သမဂ္ဂခေါင်းဆောင်များ၊ အဖွဲ့ဝင်များ စုစုပေါင်း (၁၀၈)ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးထားသည်။

ယင်းအပြင် ပြည်သူ့အာဏာ ဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပြင်းပြင်းထန်ထန် ပါဝင်ခဲ့ကြသည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၈ ဦးကျော်သည် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ဖိအားများကြောင့် ကွယ်လွန်ခဲ့ရသည်ဟု CTUM က ထုတ်ပြန်ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းနှင့် ပြည်သူ့အာဏာ ဖီဆန်‌ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဏ္ဍမှ ဝန်ထမ်းများကို အလုပ်မှမတရား ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအိမ်ရာများနှင့် နေအိမ်များမှ အတင်းအကျပ် ဖယ်ရှားခြင်းနှင့် နေအိမ်များကို မတရား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။

ထိုသို့ စစ်ကောင်စီ၏ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ဒီမိုကရေစီအခွင့် အရေးချိုးဖောက်မှုများအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)က အရေးယူနိုင်စေရန် CTUM အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#စစ်ကောင်စီ #ဖွဲ့စည်း #အလုပ်သမားသမဂ္ဂများ #အလုပ်ရှင်အကျိုးစီးပွား #စစ်အာဏာရှင် #ထောက်ပံ့ပေး #ဖမ်းဆီး #Ayeyarwaddy_Times