ဧရာဝတီတိုင်းမ်
မေလ ၁ ရက်

တူရကီ MIT အထူးထောက်လှမ်းရေးအဖွဲ့ရဲ့ ဆီးရီးယားနိုင်ငံမှာပြုလုပ်တဲ့ စစ်ဆင်ရေးတစ်ခုအတွင်း သံသ ယဖြစ်ဖွယ် အိုင်အက်စ်အဖွဲ့ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့တယ်လို့ တူရကီသမ္မတ ရီစက်တေယက်အာဒိုဂန်က ဧပြီလ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

“MIT အထူးထောက်လှမ်းရေးတပ်ဖွဲ့က ဆီးရီးယားနိုင်ငံမှာ ဧပြီလ ၂၉ ရက်ကပြုလုပ်တဲ့ စစ်ဆင်ရေးတစ် ခုအတွင်း အိုင်အက်စ်အဖွဲ့ခေါင်းဆောင် အဘူဟူစိန်အယ်လ်ကူရာရှီကို သုတ်သင်နိုင်ခဲ့ပါတယ်” လို့ အာဒိုဂန်က ရုပ် သံမှတစ်ဆင့် ကြေညာခဲ့ပါတယ်။

ယခင်ခေါင်းဆောင် အဘူဟတ်ဆန်အယ်လ်ဟာရှီမီ သေဆုံးကြောင်းနဲ့ သူ့ရဲ့နေရာကို အဘူဟူစိန်အယ်လ် ကူရာရှီနဲ့ အစားထိုးကြောင်း အိုင်အက်စ်အဖွဲ့က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။

တူရကီထောက်လှမ်းရေးတွေနဲ့ ဒေသခံစစ်ရဲတပ်ဖွဲ့ဝင်တွေဟာ စနေနေ့က ဆီးရီးယားနိုင်ငံအနောက် မြောက်ပိုင်း ဂျင်ဒီရက်စ်မြို့ရှိ ဧရိယာတစ်ခုကို ပိတ်ဆို့ခဲ့တယ်လို့ ဆီးရီးယားမြောက်ပိုင်းရှိ AFP သတင်းထောက် တစ်ဉီးက ပြောပါတယ်။

စစ်ဆင်ရေးဟာ အစ္စလာမ်ကျောင်းတစ်ခုအဖြစ် အသုံးပြုနေသော စွန့်ပစ်ထားတဲ့ခြံတစ်ခြံကို ပစ်မှတ် ထားလုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အိုင်အက်စ်အဖွဲ့ဟာ ဉရောပတိုက်နဲ့ အရှေ့အလယ်ပိုင်းဒေသမှာ တိုက်ခိုက်မှုတွေပြုလုပ်ဖို့ စီစဉ်နေတယ် လို့ဆိုကာ အမေရိကန်နိုင်ငံက ဧပြီလလယ်မှာ ဆီးရီးယားမြောက်ပိုင်း၌ ရဟတ်ယာဉ်တွေ အသုံးပြုပြီး စစ်ဆင်ရေး တစ်ခု ဆင်နွှဲခဲ့ပါတယ်။

အဆိုပါစစ်ဆင်ရေးအတွင်း အိုင်အက်စ်အဖွဲ့ အကြီးတန်းခေါင်းဆောင်တစ်ဉီးကို သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဘက်ကွပ်ကဲမှုဌာနက ပြောကြားခဲ့ပါတယ်။

တစ်ချိန်က ထိန်းချုပ်ထားတဲ့နယ်မြေအများစုမှ မောင်းထုတ်ခံခဲ့ရပေမယ့် အိုင်အက်စ်အဖွဲ့ဟာ ဆီးရီးယား နိုင်ငံမှာ တိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

ကိုးကား – AFP
Ref; Islamic State leader in Syria killed in Turkish raid — Erdogan