ဆောင်းပါးရှင်-ဒေါက်တာမိုးသစ်နေ
ဧရာ၀တီတိုင်းမ် ၊ ဧပြီလ ၃၀ ရက်
အခုတစ်ပတ်မှာတော့ စစ်ပွဲတွေကြောင့်ထိခိုက်ဒဏ်ရာဖြစ်ပေါ်ပါက အရေးပေါ်ကုသ ရမယ့် အရိုးကျိုးခြင်းကုသမှုအကြောင်း ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံ ဆေးပေးခန်း medical camp တွေကို ပစ်မှတ်ထား လေယာဉ်ပျံဗုံးကြဲတာတွေကို လုပ်လာနေတာကို မြင်နေကြားနေရပါတယ်။ လုပ်လည်း လုပ်နေဆဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လူမဆန်တဲ့ ယုတ်ညံ့လှတဲ့ တရားလွန် အကြမ်းဖက်မှုတွေကို နိစ္စဒူဝမြင်တွေ့နေရတဲ့အခါ စစ်မက်ကြောင့် ထိခိုက်ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင် ဖြေရှင်းဖို့ဆိုတာ ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုများ ဖြစ်နေပြီလားလိုတောင် ခံစားမိပါတယ်။
သေဆုံးသွားကြတဲ့ မတရား အသတ်ခံလိုက်ရတဲ ပြည်သူတွေကို အားတုံ့အားနာ စိတ်အရင်းခံပြီး ကယ်နိုင်သမျှ ကယ်တင်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ အရိုးကျိုးခြင်းကို စီမံကိုင် တွယ်ဖြေရှင်းပုံတွေ အသိပညာ မျှဝေးပေးလိုပါတယ်။
အရိုးကျိုးဒဏ်ရာရခဲ့ရင်
တိုက်ပွဲတွေဖြစ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တောင့်တင်းသန်မာ ပါတယ်ဆိုတဲ့ အရိုးတွေတောင် ကျိုးကြေအက်ကွဲပြီး ဒဏ်ရာရရှိကြပါတယ်။ နေ့နေ့ ညည စစ်ကောင်စီရဲ့ လက်နက်အားသုံးပြီး လူနေကျေးရွာတွေကို ဖြိုဖျက်တိုက်ခိုက်မှုတွေက ရှောင်တိမ်း ပြေးလွှာစဉ်မှာလည်း စစ်ရှောင်ကြသူတွေမှာ အရိုးကျိုးဒဏ်ရာရခြင်း အဆစ်လွဲခြင်း အရွတ်ဒဏ်ရာရခြင်း အပါအဝင် ကျန်းမာရေးထိခိုက်မှုတွေကို ကြုံရပါတယ်။
စစ်မြေပြင်အပါအဝင် လက်နက်ကျည်ဆံကြောင့်ထိခိုက်ပျက်စီးတဲ့ ပြည်သူတွေကို ကူညီတဲ့အခါ ဒဏ်ရာရဲ့ပြင်းထန်မှုကို ခွဲခြားအကဲဖြတ်ပြီး လူနာအခြေအနေ တည်ငြိမ်စေဖို့ စတင်လုပ်ဆောင်ရပါမယ်။ ထိခိုက်ပျက်စီးနေတဲ့ ဒဏ်ရာရ ခြေလက်များကို ပိုပြီး ဆိုးမသွားစေဖို့နဲ့ နာကျင်မှုသက်သာစေဖို့အတွက် အမာခံတစ်ခု အောက်ခံထားပြီး ပတ်တီးစီးပေးရပါမယ်။ ဒဏ်ရာအနာသက်သာစေဖို့ အတွက် အကိုက်အခဲပျောက်ဆေး နှင့် အရောင်ကျဆေးတွေ ပေးပြီး ကုသထားရပါမယ်။
အရိုးကို ပြန်လည်ဆက်သွားစေရန်လိုအပ်တာကြောင့် နေရာမှန် ပြန်ရောက်စေဖို့ အရေးပေါ်ခွဲစိတ်ပေးရတတ်ပါတယ်။ သွေးထွက်ခြင်းကိုလည်း စနစ်တကျကုသ ပေးရပါမယ်။
အရိုးကျိုးခြင်းများကို ကုသပေးမယ့် ဆရာဝန်တစ်ယောက်အတွက် ဆေးပစ္စည်း ရှားပါးခြင်း၊ အချိန်တိုအတွင်းမှာပဲ ခက်ခဲတဲ့ဆုံးဖြတ်ချက် ချရခြင်းတွေ ရင်ဆိုင်ရပါတယ်။ သင့်လျော်တဲ့ကုသမှုတွေအတွက် ကိုယ့်တတ်နိုင်စွမ်းတာထက် ကျော်လွန်နေပါက ပိုမိုကုသပေးနိုင်တဲ့ ဆေးရုံ၊ ဆေးကုရာဌာနသို့ ရွှေ့ပြောင်းပေးရပါမယ်။ X-Ray ဓါတ်မှန် ရိုက်ပါမှသာ အရိုးထိခိုက် ကျိုး အက်ပျက်စီးတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ပွင့်ကျိုး-ကျိုးခြင်း လို့ခေါ်တဲ့အရိုးကျိုးခြင်း ( Open fracture)
အရိုးစကို အရေပြားကနေ မျက်စိနဲ့မြင်ရတဲ့အခါ ဒါမှမဟုတ် အပြင်ကို ထိုးထွက် လာတဲ့အခါခွဲစိတ်ခန်းသုံးပြီး အနာကိုသန့်ဖို့ အပါအဝင်အရိုးကို ပုံမှန်အနေအထား ပြန်ရောက်အောင် ပုံစံပြန်ချပြီးကုသရပါမယ်။
အရိုးရဲ့မူလအနေအထားကိုထိန်းပေးဖို့ဝါးကြပ်စည်းတာမျိုးကနေစပြီး ကျောက်ပတ် တီးစီးတာမျိုး ၊ သတ္တုချောင်းနဲ့ထိန်းပြီး ဝက်အူစုပ်တာမျိုး တွေနဲ့ထိန်းပေးရပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေ နဲ့ စနစ်တကျကုသရပါမယ်။ လူနာအနေနဲ့ လနှင့်ချီတဲ့ အနားယူရခြင်းလို ကုသမှုတွေကို ခံယူရပါမယ်။
ဦးခေါင်းခွံဒဏ်ရာ
ဦးခေါင်းထိခိုက်ဒဏ်ရာရတဲ့အခါ ဦးခေါင်းခွံရိုးအက်ကွဲတာ ၊ အစိတ်စိတ်အမြွာမြွာ ကျိုးကြေပျက်စီးတာ ၊ ဦးခေါင်းခွံအောက်ခြေအက်ကွဲတာတွေ ကြောင့် လူနာသတိ လျော့နည်းတာတွေ ဦးနှောက်အတွင်းသွေးယိုစိမ့်တာတွေ အပါအဝင်ဆိုးဆိုးရွားရွား အသက်အန္တရာယ်ရှိနိုင်ပါတယ်။
ခေါင်းကိုသွေးတိတ်အောင် ကနဦးကုသပေးပြီး ခေါင်းခွံရိုးထိခိုက်မှုအတွက် ပျို့အန်ခြင်း၊ သတိလစ်ခြင်း၊ အမြင်ဝေဝါးခြင်း တွေကို သတိ အခြေအနေနဲ့ စောင့်ကြည့်ကုသ ပေးရပါတယ်။ ဦးနှောက်အသားရောင်ရမ်းခြင်းအတွက် ဆေးရည်သွင်းကုသရပါတယ်။ လိုအပ်ပါက ဦးခေါင်း ခွဲစိတ် ကုသရပါမယ်။ အသက်အန္တရာယ်များပါတယ်။
ကျောရိုးထိခိုက်ဒဏ်ရာ (လည်ပင်း ၊ ခါး ၊ ကျော၊ တင် ၊ မြီးညှောင့်)
အဆစ်အရိုးကွင်းတွေ ပေါင်းစည်ဖွဲစည်းထားတဲ့ ကျောရိုးထဲမှာ အဓိကကျတဲ့ ပင်မ အာရုံကြောကြီး အပါအဝင် ခါးဆစ်ရိုးရည် စီးဆင်းနေတဲ့ အင်္ဂါ အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ ကျောရိုးတစ်လျောက် ထိခိုက်ဒဏ်ရာရပါက ထိခိုက်မိတဲ့ နေရာအလျောက် ရောဂါပြင်းထန်တတ်ပါတယ်။ လူနာသယ်ယူစဥ်မှာလည်း လည်ပင်းကို ကိုင်တွယ်တဲ့အခါ ဂရုစိုက်ရပါမယ်။ ဂုတ်ပိုး-ဇတ်ကို လိမ်ချိုးသလိုဖြစ်ပါက အာရုံကြောထိခိုက်ပြီး လေဖြတ်သလိုမျိုး အကြောသေတဲ့အထိ ဖြစ်နိုင်သလို အသက်ရှူခြင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြော ပျက်စီးပြီး အသက်ရှူရပ် အသက်ဆုံးတာတွေ အထိလည်း ဆိုးဝါးစွာ ကြုံရတတ်ပါတယ်။
ခါးဆစ်ရိုးထိခိုက်တာအတွက် ခွဲစိတ်ကုသမှုတွေ လိုအပ်လာနိုင်သလို ကျောရိုးကို ထိခိုက်ပြီဆိုရင်လည်း ဦးခေါင်းခွံထိခိုက်သလိုမျိုး အသက်အန္တရာယ် ရှိတတ်ပါတယ်။
တင်ပါးဆုံရိုးခွေ ထိခိုက်တဲ့အခါ အရိုးစတွေ အစိတ်ပိုင်းများစွာ ကွဲအက်သွားတတ် ပါတယ်။ အရိုးတောင်မှထိခိုက်ပြီမို့ ဝမ်းတွင်းကလီစာတွေမှာ သွေးယိုစိမ့်တာ အပါအဝင် ဆီးအိမ်ကွဲ ဒဏ်ရာတွေလည်း ကြုံတွေ့နိုင်ပါတယ်။
ဗိုက်ထဲမှာ သွေးယိုစိမ့်တာ ရှိမရှိသိနိုင်ဖို့ အာထရာစောင်းရိုက်ပြီး အမြန်စစ်ဆေးရပါမယ်။
တင်ပါးဆုံ အရိုးခွေကို ပတ်တီးကြပ်စည်းဖို့ လိုအပ်ပါလိမ့်မယ်။
နံရိုးကျိုး ညှက်ရိုးကျိုး ခြင်းတွေဖြစ်တဲ့အခါ အသက်ရှူရ ခက်ခဲခြင်းရှိပါက အဆုတ် ပြင်ပ အမြှေးပါး အရိုးစဖြင့် ထိခိုက်မိပြီး ပေါက်ပြဲခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် အရေးပေါ် အသက်ကယ်ဖို့ ခွဲစိတ်ခန်းဝင်တာ အဆုတ်မြှေးနှစ်ခုအတွင်း ပိုက်ထည့်ကုသတာတွေ လုပ်ဖို့ လိုအပ်နိုင်ပါတယ်။
အခြားပြဿနာမရှိဘဲ သာမာန်အရိုးအက်ရုံမျှဖြစ်ပြီး အဆုတ်ကို ဒုက္ခမပေးပါကအခြေအနေ စောင့်ကြည့်ပြီးကုသရမှာဖြစ်ပါတယ်။
ခြေ လက်အရိုးများ ထိခိုက်ဒဏ်ရာရပါက ကျိုးပါက မလှုပ်ဖို့အတွက် ထိန်းပါ။ အရိုးပုံမှန် အနေအထားကို ပြန်ထိန်းဖို့ နေရာချပါ။ သွေးထွက်ရင် သွေးတိတ်အောင်ကုပါ။ ဒဏ်ရာကို မထိခိုက်စေဘဲ ဝါးကျပ်စည်းခြင်း ၊ အမာခံပစ္စည်းတစ်ခုခံ၍ ပတ်တီးစီးခြင်း၊ ကျောက်ပတ်တီးကိုင်ခြင်း တို့ကို လုပ်ဆောင်ပေးပြီး အရိုးဆက်သည်အထိ ထားပေးရ ပါမယ်။
အရေးပေါ်ကုသပေးမှုအပြီး ဆေးရုံဆေးခန်း နဲ့ medical camp တွေမှာ အရိုးအထူးကုဆရာဝန် ဒါမှမဟုတ်ရင် တယ်လီကျန်းမာ အပါအဝင် online ကနေပြီး ဆွေးနွေးကုပေးနေတဲ့ ဆရာဝန်တွေနဲ့ ဆက်လက်တိုင်ပင်ပြီး အကြံဉာဏ်တွေ ရယူနိုင် ပါတယ်။
အရိုးကျိုးခြင်းကို ကုသဖို့အတွက် X ray စက်တွေ ၊ ပတ်တီးမျိုးစုံနဲ့ ကျောက်ပတ်တီးလိပ်တွေ၊ အကြောသွင်းဆေးရည်တွေနဲ့ ခွဲခန်းသုံးကိရိယာများစွာကို နေရာအနှံ့မှာ လိုအပ်လျှက်ရှိနေပါတယ်။
နောက်တစ်ပတ်မှာတော့ မြွေကိုက်ခြင်းနဲ့ မြွေဆိပ်ဖြေဆေးတွေအကြောင်းကို ကျန်းမာရေး အသိပညာပေးသွားမှာဖြစ်ပါတယ်။ အားလုံး ဒုက္ခကုန်ဆုံးပြီး မဝေးတော့တဲ့ ခွင့်တူညီမျှ ပြည်သူဘဝကို အမြန်ဆုံးရရှိနိုင်ဖို့ ဆုတောင်းမေတ္တာဝေမျှလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အရိုးကျိုးခြင်းကုသမှု #အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း၃ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)