ဧရာဝတီတိုင်းမ်
ဧပြီလ ၃၀ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ သပြေအိုင်ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ လူငယ် ၆ ဦးကို ဧပြီလ ၂၈ ရက်နေ့ညကစစ်ကောင်စီနဲ့ ရဲတွေက ၀င်ရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။
မှုခင်းသတင်းထောက် ဦးတင်သန်း အသတ်ခံရမှုနဲ့ပတ်သက်ပြီး လူငယ်တွေရှာဖွေဖမ်းဆီးနေကာ အသက်မပြည့်သေးတဲ့သူများပါ ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဟိုရက်က နေပြည်တော်တင်သန်းဆိုတဲ့လူအသတ်ခံရတာ၊ လာပစ်တဲ့လူကဆိုင်ကယ်အနီရောင်နဲ့ လူငယ်တစ်ယောက်ထဲ ပစ်ပြီးတော့ သပြေအိုင်ဘက်ကို မောင်းသွားတယ်ပြောလို့ လူငယ်တွေကို ရမ်းပြီးဖမ်းနေတာ။ တစ်ချို့ဆို ၁၅ နှစ်အရွယ်တောင်ပါသေးတယ်”လို့ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောပါတယ်။
ငါးသိုင်းချောင်းမြို့၊ မရင်းကူးရွာမှာနေထိုင်တဲ့ မှုခင်းသတင်းထောက် တင်သန်းဆိုသူ ဧပြီ ၂၇ ရက် နံနက် ၇ နာရီခန့်က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီး ယနေ့အချိန်ထိ တော်လှန်ရေးအဖွဲ့အစည်းများဘက်က သတင်းတစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးပဲစစ်ကောင်စီက ခုလို လူငယ်တွေကိုလိုက်လံဖမ်းဆီးနေတာလို့ဒေသခံတွေကပြောပါတယ်။
သေဆုံးသွားတဲ့ မှုခင်းသတင်းထောက် ဦးတင်သန်းဆိုသူဟာ ယခင် က နေပြည်တော် တင်သန်းအမည်နဲ့မှုခင်း သတင်းထောက် တစ်ဦးလည်းဖြစ်ကာ စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း စစ်ကောင်စီ နဲ့ပေါင်းပြီးသတင်းပေးမှုကြောင့်ဖမ်းဆီးခံရသူအများအပြား ရှိခဲ့လို့ ခုလိုပစ်သတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ရဲများ စွတ်စွဲဖမ်းဆီးသွားတဲ့ လူငယ် ၆ ဦးကို စစ်ဆေးနေပြီး မည့်သည့်နေရာမှာဖမ်းဆီးထားတယ်ဆိုတာမိသားစုများကို အသိမပေးတဲ့အတွက် စိုးရိမ်မှုတွေရှိနေတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။
#ငါးသိုင်းချောင်းမြို့ #လူငယ်များဖမ်းဆီးခံရ #စစ်ကောင်စီတပ် #Ayeyarwaddy_Times