ဧရာဝတီတိုင်းမ်
ဧပြီလ ၃၀ ရက်

ကရင်ပြည်နယ်မှာ တိုက်ပွဲများပြင်းထန်နေပြီး ဧပြီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူး ၁ ဦးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံး ခဲ့ကြောင်း ကော်ဘရာတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ကော်ဘရာတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ နယ်မြေစိုးမိုးမှုယူထားတဲ့ ဒေသကို စစ်ကောင်စီတပ်ဘက်က ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားရင်း ဗိုလ်မှူး ၁ ဦးအပါဝင် ၅ ဦးသေဆုံးကာ ၆ ဦးထိခိုက်ဒဏ်ရာရကြောင်း ကော်ဘရာတပ်ဖွဲ့က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားပါတယ်။

” သေဆုံးတဲ့သူတွေထဲမှာ ဗိုလ်မှူးဆိုတာက တပ်ရင်းမှူးဖြစ်ဖို့များတယ်၊ ဘာလို့လဲဆိုတော့ သူ့မှာ ကိုယ်ရေးအရာရှိ သက်တော်စောင့်ပါတယ်၊ နောက်တစ်ခုက ဒုဗိုလ်မှူးကြီး လစာ စားနေတဲ့ ဗိုလ်မှူး ရာထူးနဲ့ တပ်ရင်းမှူး တာဝန်ယူထားရတဲ့သူ ​ဖြစ်နိုင်တယ်”လို့ စစ်မှုထမ်းဟောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဗိုလ်မှူးသေဆုံးမှုဟာ တပ်ရင်းမှူးဖြစ်နိုင်တယ်လို့ စစ်မှုထမ်းဟောင်းများကပြောဆိုပေမယ့် ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

သေဆုံးခဲ့တဲ့ လူတွေထဲက အရာရှိစာရင်းနဲ့အတူ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေအရ သေဆုံးခဲ့တဲ့သူတွေက တပ်ရင်းမှူး စစ်ကြောင်းကဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကော်ဘရာ တပ်ဖွဲ့ကတော့ နယ်မြေကျူးကျော်လာတဲ့ စစ်ကောင်စီတပ်ဘက်က အမှတ် (၂၀၇) က ဗိုလ်မှူး ၁ ဦး၊ IO (သက်တော်စောင့်) ၁ ဦးအပါဝင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိတယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

ကပစကျည် (၆၇)တောင့်၊ MA5 (၁)လက်၊ MA5 ကျည်ဘောက် (၁)ဘောက်၊ 9mm ကျည် (၁၅) တောင့်၊ MAကျည်ဘောက် (၄)ဘောက်၊ စကားပြောစက် (၂)လုံး၊ အီနာဂါ (၄)လုံး၊ RPG (၃)လုံး၊ RPG ပို့ယမ်း (၃)တောင့်၊ ဓား (၁)လက်၊ Jammer ကျောပိုးစက် (၁)လုံး စသည်တို့အား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းအထိနာအသေဆုံးများပြီး နောက်ပိုင်း ၃ နာရီ ၄၅မိနစ်မှာ (၁) ကြိမ်၊ ၃ နာရီ ၅၀မိနစ်မှာ (၁)ကြိမ် YAK(130) Jet Fighter နဲ့ လာရောက် ပစ်ခတ်ခဲ့ပေမယ့် ပြည်သူတွေ ပို့သသောမေတ္တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှု လုံးဝမရှိခဲ့ဘူးလို့ သတင်းထုတ်ပြန်ထားပါတယ်။

#စစ်ကောင်စီတပ် #တပ်ရင်းမှူးကျဆုံး #ကော်ဘရာတပ်ဖွဲ့ထုတ်ပြန် #Ayeyarwaddy_Times