ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ ဧပြီလ ၂၉ ရက်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးတွင် လမ်းလုံခြုံ ရေးယူကာ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများကို ယနေ့ဧပြီလ ၂၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် KNLAတပ်ခွဲ (၃) ၊ သထုံ(ပကဖ)၊ HRS Droneတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဘီးလင်း-သထုံလမ်းပိုင်းပေါ်ရှိ ရွှေရောင်ပြရွာအနီး ကင်းစောင့်ကာ လုံခြုံရေး ယူနေသည့်အင်အား ၂၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းအပါအဝင် မြေပြင်မှပါဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်သား လေး ‌ဦးသေဆုံးခဲ့၍ ဒဏ်ရာ ရရှိသူ အများအပြားရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဦးစွာတိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရ တပ်သားများအား လူနာတင် ယာဉ်ဖြင့်သယ်ဆောင်နေစဉ် မြေပြင်မှလည်း ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်နေ့တိုင်းဖြတ်တဲ့ သူတို့(စကစ) ယာဉ်တန်းတွေ အတွက် လုံခြုံရေး ယူတာပါ။ ဒီလမ်းပိုင်းမှာ ခဏဏမိုင်းဆွဲခံနေရတော့ အရေးကြီး ယာဉ်တန်းဆို အင်အားပိုပြီးတော့ များများချတာမျိုးရှိတယ်။ ဒရုန်းနဲ့စပစ်တော့ လဲသွားတာတွေ တွေ့ရတယ်။ ပြီးတော့ သူတို့တွေသယ်လာသယ်တဲ့အချိန် ဝင်ပစ်တာက တည့်တည့်ထိမှန်တာတွေရှိတယ်” ဟု Hawk Revolutionary Squad-HRS ပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီက ၄၀ မမလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်မှုများရှိပြီး အနီးရှိစစ်ကောင်စီ၏ အမြောက်တပ် (အမတ-၃၁၄) တပ်ရင်းမှလည်း လက်နက်ကြီးပစ်ကူခဲ့ပြီး ယခုအချိန်အထိ ခမရ (၉) တပ်ရင်းမှ လက်နက်ကြီးများ ဖြင့်ပစ်ခတ်လျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သထုံခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။

#သထုံခရိုင် #ဘီးလင်း #တိုက်ပွဲ #ဒရုန်း #စစ်ကောင်စီတပ်သား #KNLA #သထုံပကဖ #HRS #Ayeyarwaddy_Times