နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၂၉ ရက်
အာဏာသိမ်း စစ်ကောင်စီက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံကို ၎င်းတို့ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ရန် ပြင်ဆင်နေပြီး ထိုအရာသည် သွေးစွန်းသည့်လက်ဖြင့် ပညာရေးကို အတူတူတည်ဆောက်ကြရန် လှမ်းခေါ်သော ပုံစံမျိုးဖြစ်ကာ အပြသဘောပြုလုပ်ခြင်းထက်မပိုကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် – ဗကသ တွဲဖက် အတွင်းရေးမှူးဟောင်း ကိုမင်းသွေး သစ်က ဧရာဝတီ တိုင်းမ်ကို ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်က နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ၎င်းတို့စတင် တာဝန်ယူချိန်မှစ၍ ပညာရေးကဏ္ဍ တိုးတက်စေရန် တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆိုထားသည်။
ပထမဆုံးအကြိမ် ကျင်းပမည့် စစ်ကောင်စီ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၃)ကို ချို့ယွင်းချက်မရှိ၊ အမှားအယွင်းမရှိအောင် သက်ဆိုင်ရာဝန်ကြီး ဌာနများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဒုစစ်ခေါင်းဆောင်က အဆိုပါ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
“သူတို့(စကစ)က တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးအောက်မှာ ပြည်သူတွေက ပုံမှန် ဘဝရနေပြီ။ အားလုံးဟာ ပျော်ရွှင်နေကြပြီဆိုတာမျိုး နိုင်ငံတကာကို ပြချင်တယ်။ နောက်ပြီးတော့ တိုင်းပြည်ပေါ်မှာ ကဏ္ဍပေါင်းစုံကို သူတို့(စကစ)က ကောင်းကောင်း မွန်မွန် နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တယ်ဆိုတာပြချင်လို့ အပြသဘောနဲ့လုပ်တယ် လို့ပဲ ယူဆတယ်” ဟု ဗကသ တွဲဖက်အတွင်းရေးမှူးဟောင်း ကိုမင်းသွေးသစ်က ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကို မေလဆန်းပိုင်းတွင် နေပြည်တော်၌ ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံတကာညီလာခံများနည်းတူ ကျင်းပမည်ဖြစ်ကြောင်း ဒုစစ်ခေါင်းဆောင်က ဆိုသည်။
“ဒီမိုကရေစီမရှိတဲ့အောက်မှာ ဒီမိုကရေစီ ပညာရေးဆိုတာလည်း ဖွံ့ဖြိုးတိုက်တက်ဖို့ မရှိပါဘူး။ ကျိန်းသေတာက ကျောင်းမတက်တဲ့ ကျောင်းသားတွေကို ဖမ်းဆီး နေတာ၊ နောက် အွန်လိုင်းပေါ်မှာစာသင်တဲ့ ဆရာ/မတွေ၊ ကျောင်းသားတွေကို လိုက်ပြီး ဖမ်းဆီးနေ သရွေ့ကတော့ ဘယ်ညီလာခံပဲလုပ်လုပ် ပညာရေး ဖွံ့ဖြိုးတိုးတက်ဖို့ မရှိဘူး” ဟု ကိုမင်းသွေးသစ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ထို့ပြင် အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ (၂၀၂၃) ဆွေးနွေးပွဲကို “မြန်မာနိုင်ငံ၏ အနာဂတ် ပညာရေး ကောင်းမွန်စေရေး” ဆိုသည့် ဦးတည်ချက်ဖြင့် ကျင်းပသွားမည်ဟု ဆိုထားသည်။
“ပညာရေးစနစ်တစ်ခုလုံး လည်ပတ်ဖို့နေနေသာသာ ဌာနအသေးတစ်ခုစီရဲ့ လိုအပ်ချက်နဲ့ ဖွဲ့စည်းပုံကိုတောင် မကိုင်တွယ်နိုင်ပါဘူး။ သူတို့(စကစ) ဘာတွေလုပ်နေတယ်ဆိုတာ ဟန်ပြဖို့သက်သက် လုပ်တာလို့ပဲမြင်ပါတယ်” ဟု CDM ကထိကဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန် ချက်နှင့်အညီ ညီလာခံတွင် ဆွေးနွေးရမည့် ခေါင်းစဉ်များကို အပြီးသတ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဟု အမိန့်ညွှန်ကြားထားသည်။
“ကျောင်းသားအများစုက ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းပြီး ကျောင်းကထွက်ပြီး တော်လှန်ရေး လုပ်သူလုပ်၊ နိုင်ငံခြားထွက်ပြီး မိသားစုအတွက် ရုန်းကြနဲ့။ ကျောင်းပညာရေးကလဲ အခြေခံကလွဲလို့ အဆင့်မြင့်ပညာရေးကတော့ ချူနာပါနာပဲ” ဟု CDM ကထိကဆရာမတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့ ဖွင့်လှစ်ထားသည့် ကျောင်းများကို တက်ရောက်သော ကျောင်းသား/သူ များသာလျှင်ကျောင်းသားဖြစ်ပြီး အွန်လိုင်းပေါ်တွင် ပညာသင် ယူနေသူအားလုံးကို အကြမ်းဖက်အားပေးဟု သတ်မှတ်ထားသည်။ ထိုသို့သက်မှတ်ထား ခြင်းကြောင့် ၎င်းတို့၏ နောက်မှီးဆွဲ ပညာရှင်ဟုခေါ်သော လူများမှလွဲ၍ ကျန်ရှိနေသည့် ပြည်သူလူထု၊ ကျောင်းသားထုနှင့် အမှန်တရားကိုလိုလားသည့် ပညာရှင်အသိုင်းအဝိုင်း က အဆိုပါပညာရေးညီလာခံကို ထောက်ခံကြမည်မဟုတ်ကြောင်း ကိုမင်းသွေးသစ် က ဆိုသည်။
“သူတို့ညီလာခံ အောင်မြင်လာဖို့ မရှိသလို အဲဒီကနေပြီးတော့ မြန်မာပြည်ပညာရေးအတွက် ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းကြောင်းလည်း ဘာတစ်ခုမှ ပေါ်လာစရာမရှိပါဘူး” ဟု ဗကသ တွဲဖက်အတွင်းရေးမှူးဟောင်း ကို မင်းသွေးသစ်က ပြောသည်။
#စစ်ကောင်စီ # မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ #သွေးစွန်းလက်ပညာရေး #ကိုမင်းသွေးသစ် #Ayeyarwaddy_Times