ဧရာ၀တီတိုင်းမ်
ဧပြီ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းမှ တိုက်ခိုက်၍ လူအစုလိုက် အပြုံလိုက် သေဆုံးစေခဲ့သည့် ဖြစ်စဉ်တွင် စစ်ကောင်စီတပ်ကို သတင်းပေးခဲ့သည့် တရားခံ လေး ဦးကိုဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်လှစ်ထားကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာနက ယနေ့ ဧပြီ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့် တရားခံ လေး ဦးကို ဥပဒေနှင့် အညီအရေးယူအပြစ်ပေးနိုင်ရေး ‌ဆောင်ရွက်နေပြီး ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့ စခန်းတွင် (ပ)၁/ ၂၀၂၃ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် သတင်းပေးပို့ခဲ့သူများမှာ ဦးသိန်းရွှေ(၅၃)နှစ်၊ ဦးချို (၆၁)နှစ်၊ ကိုဇော်မင်း (၃၆)နှစ်နှင့် မယဉ်ယဉ်၀င်း (၃၀)နှစ်တို့ဖြစ်ပြီး ၎င်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း NUG) ၏ ပြည်ထဲရေးနှင့် လူ၀င်မှုကြီးကြပ်ရေး၀န်ကြီးဌာနက ဆိုသည်။

ထို့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် လေတပ်စစ်ဦးစီးချုပ်၊ လေ‌ယာဉ်မောင်းသူများ နှင့် ရဟတ်ယာဉ်မောင်းအပါအ၀င် ခြောက်ဦး၊ သတင်းပေးများဖြစ်သည့် ပျူစောထီးခေါင်းဆောင်ဦးဝါသ၀ အပါအ၀င် အမျိုးသမီးတစ်ဦး စုစုပေါင်း ရှစ် ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၄)နှင့် အမှုဖွင့်၍ ၀ရမ်းပြေးအဖြစ်ကြေညာထားကြောင်း ပြည်သူ့ရဲတပ်ဖွဲ့ တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ကျေးရွာပြည်သူ့အုပ်ချုပ်ရးအဖွဲ့မှ အရပ်သားများနှင့်အတူ ရုံးဖွင့်ပွဲ ပြုလုပ်နေစဉ် တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရွယ်မရောက်သေးသည့် ကလေး သူငယ်များ အပါအ၀င် အရပ်သားပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆ ဦးထိရှိကြောင်း NUG ထံက သိရသည်။
#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #ပဇီကြီးကျေးရွာ #သတင်းပေးတရားခံများ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #လူအစုလိုက်အပြုံလိုက်သေဆုံး #NUG #ဖမ်းဆီး #Ayeyarwaddy_Times