ဧရာဝတီတိုင်းမ်
(ရေး)၊ ဧပြီလ ၂၉ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့မှ ၃ မိုင်အကွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းတစ်ခုအား ယနေ့ဧပြီလ ၂၉ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် ရေးဘီလူးအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရေး-မော်လမြိုင်လမ်းမပေါ်ရှိ ခမရ(၅၈၆) တပ်ရင်းဘေးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းတစ်ခုအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ BGF တပ်သား ၄ ဦးအပါအဝင် တပ်သား ၇ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း ရေးဘီလူးထံမှ သိရသည်။

“ငွေကောက်ခံတဲ့ စစ်ဆေးရေးဂိတ်ပါ။ အဲ့ဒီမှာ BGF တစ်ချို့ရှိမယ်။ လင်းဦးချထားတဲ့ သူ့လူတွေရှိတယ်။ လင်းဦးက စစ်ကောင်စီကသူတို့မစီမံနိုင်တာတွေစီစဉ်ပေးဖို့ စစ်ကောင်စီကခန့်ထားတဲ့စစ်မှုထမ်းဟောင်း၊ ပျူခေါင်းဆောင်လို့ပြောလို့ရတယ်။ ကျွန်တော်တို့ အာရှလမ်းမကြီးကနေ အကာမရှိပဲ ဝင်ပစ်ခဲ့တော့ လက်နက်မကောက်ခဲ့ဘူး။” ဟု ရေးဘီးလူးအဖွဲ့ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ်မှာ မြို့အထွက်ငွေကောက်ခံသည့် စစ်ကောင်စီဂိတ်ကြီးတစ်ခုဖြစ်ပြီး ခမရ ၅၈၆ တပ်ရင်းမှ တပ်သားများအထိုင်ချလေ့ရှိကာ BGF တပ်ဖွဲ့ဝင်များမှလည်း အထိုင်ချနေကြောင်း သိရသည်။

ပစ်ခတ်မှုအပြီးတွင် ရေးဘီလူးအဖွဲ့မှ ရဲဘော်တစ်ဦး လက်ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး ၂ လုံးရမ်းသမ်းပစ်ခဲ့သော်လည်း လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရေးတွင် ဧပြီလ ၂၅ ရက်နေ့ကလည်း သံဖြူဇရပ်ဘက်မှရေးသို့ ဆင်းလာသည့် စစ်ကောင်စီကားတန်းအား တောင်ညိုပြည်သူ့ပြောင်ကြားတပ်ဖွဲ့မှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်သား ၈ ဦးဝန်းကျင်သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
#ရေးမြို့ #စစ်ကောင်စီဂိတ် #ရေးဘီလူး #Ayeyarwaddy_Times