ဧရာဝတီတိုင်းမ်
(ဝေါ)၊ ဧပြီလ ၂၉ ရက်
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာရှိ ညောင်ခါးရှည်ရဲစခန်းအား ဧပြီလ ၂၇ ရက် ည ၇ နာရီအချိန်တွင် ဝေါမြို့နယ်(ပကဖ)နှင့် ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၁) ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ညောင်ခါးရှည် ရဲစခန်းအား ဝောာ်လှန်ရေးတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှလင့်စင်နှင့် ကတုတ်ကျင်းများတွင်နေရာယူ၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး ညောင်ခါးရှည်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။
“သေဆုံးတာကတော့ ရဲအရာရှိလို့ကျွန်တော်တို့ စုံစမ်းသိရှိရတယ်။ ဒဏ်ရာရသူတွေလဲရှိပေမယ့် ဘယ်နှစ်ယောက်လဲဆိုတာ အတည်မပြုနိုင်သေးဘူး။ ညောင်ခါးရှည်ရဲစခန်းက ညောင်ခါးရှည်စစ်ဆေးရေးဂိတ်နဲ့နေရာချင်း မနီးပေမဲ့ သူတို့ချင်းရဲတပ်ဖွဲ့ဝင်တွေ ဆက်ဆံမှုတွေတော့ရှိတယ်။” ဟု ပဲခူးတိုင်း PDF သတင်းပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်ပွားနေစဉ် ဘုရားကြီးအမြှောက်တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအင်အားအများအပြားဖြင့် စစ်ကူလာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။
ညောင်ခါးရှည်ကျေးရွာရှိ ညောင်ခါးရှည် X-ray စစ်ဆေးရေးဂိတ်သည် ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အောက်မြန်မာန်ိုင်ငံမှ ရန်ကုန်ဘက်သို့ အဝင်ကားများအား အထိုင်ချစစ်ဆေးနေသည့်စစ်ဆေးရေးဂိတ်ကြီးတစ်ခုဖြစ်ပြီး ခရီးသွားပြည်သူများမှ အဆိုပါဂိတ်တွင် တစ်နေ့လျှင် ၄ နာရီဝန်းကျင် တန်းစီစောင့်ဆိုင်းနေရကြောင်းလည်း သိရသည်။