ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းက ရဲစခန်းအချုပ်ခန်းဖောက်ပြီး တရားခံ ၈ ဦးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေဟာ လူသတ်မှုနဲ့ တရားစွဲဆိုခံထားရသူ ၂ ဦး၊ လုယက်မှုကျူးလွန်မှုသံသယနဲ့ ဖမ်းထားသူ ၃ ဦးနဲ့ ခိုးမှုဖြင့် ဖမ်းထားသူ ၃ ဦးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
”မနေ့က ခရိုင်က ဆင်းလာတယ်၊ တာဝန်မှူးနဲ့ ကင်းအဖွဲ့ကတော့ အစစ်ခံနေရပြီ၊ လွတ်သွားတဲ့သူတွေကိုလည်း ပြန်ဖမ်းနိုင်အောင် ပိတ်ဆို့စစ်ဆေးတာတွေ လုပ်နေပါတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေဟာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခံထားရတဲ့ အသက် ၂၀ အရွယ် ထွန်းလင်းနိုင် (ခ) အိုအေစစ်နဲ့ အသက် ၁၉ နှစ်အရွယ်ရှိ ရှိုင်းထက်အောင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် လုယက်မှုကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် တရားစွဲဆိုခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် ဝေမင်းဦး (ခ) ဖိုးသဲ၊ အသက် ၁၇ နှစ်အရွယ် သန်းတိုးအောင်၊ အသက် ၂၅ နှစ်အရွယ်ရှိ အောင်မျိုးဦးနဲ့ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ တရားစွဲဆိုခံထားရတဲ့ အသက် ၃၀ နှစ်အရွယ် ဝင်းနိုင်ထွန်း (ခ) ကြက်ကလေး၊ အသက် ၃၃ နှစ်အရွယ်ရှိ သိန်းထွန်းဦး (ခ) နွားကြီး၊ အသက် ၂၀ နှစ်အရွယ် ချစ်မင်းဦး (ခ) ချစ်ဦးတို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်း သိရပါတယ်။
ထွက်ပြေးလွတ်မြောက်ခဲ့သူ ၈ ဦးထဲက ၂ ဦးကို ပြန်လည်ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောဆိုနေပေမယ့် ဧရာဝတီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
#ကျောင်းကုန်း #မြို့မရဲစခန်း #အချုပ်ခန်းဖောက်ထွက်ပြေး #လူသတ်မှု #ခိုးမှု #လုယက်မှု #Ayeyarwaddy_Times