ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဧပြီလ ၂၈ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်က စစ်ကောင်စီ သတင်းပေးဆိုသူ ပျူစောထီး အဖွဲ့ဝင်တစ်ဦး ဧပြီလ ၂၇ ရက် ညပိုင်းက ပစ်သတ် ခံရကြောင်း ဒေသခံများဆီက သိရသည်။

ပစ်သတ်ခံရသူဟာ ကံပေါက် ဗိုလ်ချုပ် ရပ်ကွက်က စစ်တပ်ထွက် ပျူစောထီးအဖွဲ့ဝင် အသက် ၅၀ ဝန်းကျင်ရှိ ဦးမျိုး ဆိုသူ ဖြစ်ပြီး ဖားချောင်းကျေးရွာ အုပ်စု၊ ဆယ်အိမ်စုရွာ အနီး သူ၏ ခြံထဲမှာပဲ ည ၉ နာရီခန့်က သေနတ် ကျည်ဆန် ၆ ချက်ခန့် နှင့် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု ကံပေါက်ရွာ ဒေသခံ တစ်ဦးက ပြောသည်။

၎င်းက“သူ့ခြံက ဆယ်အိမ်စုမှာ ရှိတယ်။ ညဘက်ဆိုရင် သူက အဲဒီခြံထဲမှာ သွားအိပ်တာပေါ့။ သူက နွားတွေလည်း မွေးထားတယ်။ ညကတည်းက သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ မနက်မှ သူပစ်ခံရမှန်း သိတာ။ သူက စစ်တပ်နဲ့ ပိုင်တယ် ဆိုပြီး အမြဲဂုဏ်ယူစွာနဲ့ ပြောလေ့ရှိတယ်။ သူက သေနတ် ကျည် ၆ ချက် နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတာပါ။ သူက ကံပေါက်မှာ ဆိုရင် စစ်ကောင်စီ သတင်းပေး အကြီးစားပေါ့။ သူဟာ စစ်ကောင်စီ တပ်တွေကို သတင်းပေးတာတွေ လုပ်တယ်။ ရွာမှာက သူက စစ်တပ်နဲ့ပိုင်တယ် ဆိုပြီး သူလုပ်ချင်သလို လုပ်တယ်။ သူ့မှာ ပျူစောထီး တပည့်တွေလည်း အများကြီးရှိတယ်။ သူ့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း သတင်းပေး ဆက်မလုပ်ဖို့ အကြိမ်ကြိမ် သတိပေး ထားတယ်။ သူ့က လိုက်နာမှုမရှိဘဲ ဆက်လက် လုပ်ကိုင်နေတာကြောင့် အခုလို ပစ်သတ်ခံရတာ”ဟုလည်း ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

ပစ်သတ်ခံရသည့် ဦးမျိုး အလောင်းကိုတော့ ယနေ့ နံနက်ပိုင်း ၁၀ နာရီ ခန့်အချိန်က ကံပေါက်မှ သုံးဘီး တစ်စီးနဲ့ သူ့ခြံထဲမှာ သွားရောက် တင်ဆောင်လာပြီး နေအိမ်သို့ သယ်ယူလာကြောင်း သိရသည်။

သူ့ကို မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းက လာရောက် ပစ်သတ်သွားသည်ကိုတော့ မသိရသေးပါ။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ စစ်ကား အများအပြား ရောက်ရှိလာပြီး လမ်းသွားလမ်းလာများကို စစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ဇာဒီကျေးရွာက စစ်ကောင်စီ သတင်းပေး ပျူစောထီး ဦးအေးဟန် ဆိုသူ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သေးသည်။

ဓာတ်ပုံ – ပျူစောထီးအဖွဲ့ဝင် ဦးမျိုး ၏ နေအိမ်ရှေ့တွင် စစ်ကောင်စီ တပ်သားများ တပ်စွဲနေသည့် ပုံဟောင်းဖြစ်သည်။
#Ayeyarwaddy_Times