ဧရာဝတီတိုင်းမ်
ဧပြီလ ၂၈ ရက်
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗန်းဗွီး(မြို)ကျေးရွာနှင့် ဗန်းဗွီးကျေးရွာအတွင်းရှိ စစ်ဘေးရှောင်စခန်းတို့တွင် ရေမသန့်ရှင်းမှုကြောင့် ကလေးငယ်အများစုမှာ ခန္ဓာကိုယ်ပေါ်တွင် အနာ အဖုအပိန့်များ
ထွက်နေကြသည့်အပြင် ဝမ်းရောဂါများပါ ဖြစ်ပွားနေကြကြောင်းသိရသည်။
ဗန်းဗွီးကျေးရွာတွင် လူဦးရေ ၃၅၅ ဦး၊ ဗန်းဗွီးစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁၁၀ ကျော်ရှိရာ ၄င်းတို့အထဲမှ အရေပြားရောဂါနှင့်ဝမ်းရောဂါခံစားနေရသည့် ကလေးငယ် ၈၀ဦးခန့်အထိရှိလာနေကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် သောက်သုံးရေ နှစ်ကန်သာရှိသည့်အနက် တကန်မှာ လုံးဝခမ်းခြောက်သွားပြီဖြစ်သလို လက်ရှိဒေသခံများသောက်သုံးနေသည့် နောက်တစ်ကန်မှာလည်း ခမ်းခြောက်လာကာ ရေညစ်ညမ်းနေပြီဖြစ်ကြောင်း သိရသည်။
ထို့သို့ မသန့်ရှင်းသည့်ရေများကို သောက်သုံးနေရသောကြောင့် ကျေးရွာမှ ၁၀နှစ်အောက်ကလေးငယ်အများစုမှာ အရေပြားရောဂါနှင့်ဝမ်းရောဂါခံစားနေရခြင်းဖြစ်ကြောင်း ဗန်းဗွီးကျေးရွာမှ လူငယ်အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
” ကန်က ရေခမ်းလာတော့ နောက်နေတယ်။ ရွှံ့ရည်ကိုသောက်သုံးနေရသလိုမျိုးဖြစ်နေတာ။ အခုရွာမှာရှိတဲ့ ကလေးအများစုက ဖြစ်နေကြတယ်။ အနာလုံးတွေကလည်း သာမန်ယားနာလိုမျိုးတောင်မဟုတ်ဘူး။တော်တော်ကြီးတယ်။နောက်ပြီး ဝမ်းပျက်၊ဝမ်းလျှောတာတွေလည်း ဖြစ်ကြတယ်။ဒီလိုရောဂါတွေက ရေမသန့်ရှင်းမှုနဲ့ အဓိကသက်ဆိုင်တယ်လို့ ထင်ပါတယ် ” ဟု ၄င်းကပြောသည်။
လက်ရှိတွင် ငွေကြေးတတ်နိုင်သည့် မိသားစုဝင် ကလေးငယ်များအား မြို့ပေါ်ဆေးခန်းများသို့သွားရောက်ကုသကြပြီး ငွေကြေးမတတ်နိုင်သူများမှာ ဆေးဝါးကုသနိုင်ခြင်းမရှိပဲ ဆေးမြီးတိုများဖြင့်သာ ကုသနေရကြောင်း သိရသည်။
” ကျနော်တို့က ပုံမှန်ဝင်ငွေလည်းမရှိဘူး။ တောထဲကို တနေ့ဝင်ပြီးအလုပ်လုပ်မှ တနေ့ဖိုးပိုက်ဆံရတာ။အဲ့လိုမျိုး ဆေးခန်းထိသွားပြဖို့ကျတော့ ငွေကြေးအခက်အခဲရှိပါတယ်။ကိုယ့်သားသမီးတွေဒီလိုဖြစ်နေတာကို မကြည့်ရက်ပေမဲ့ မတတ်နိုင်ဘူး။ကိုယ်နိုင်သလောက်တော့ ဆေးတွေဘာတွေဝယ်ပြီးကုကြည့်နေရတယ်” ဟု အရေပြားရောဂါဝေဒနာခံစားနေရသည့် ၈နှစ်ရွယ်ကလေးငယ်တစ်ဦး၏ ဖခင် ဦးကျော်ဖြူက ပြောသည်။
အလားတူ အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ပေါက်တောမြို့နယ်၊သဲခုံကျေးရွာတွင်လည်း ကျေးရွာရှိ ရေကန်များအတွင်းသို့ ပင်လယ်ဆားငံရည်များဝင်ရောက်ကာ ရေမသန့်ရှင်းမှုကြောင့် တရွာလုံးနီးပါးအရေပြားရောဂါဝေဒနာခံစားနေရသည်မှာ ၇လနီးပါးထိရှိလာနေပြီဖြစ်သော်လည်း တာဝန်ရှိသူများ၏ ကူညီဖြေရှင်းမှု မရှိကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ် မိုးရာသီက ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးရွာသွန်းမှုနည်းပါးခဲ့ရာ သောက်သုံးရေ လှောင်ကန်များရေမပြည့်ခဲ့ပဲ
ယခုနှစ်နွေရာသီတွင် ရေကန်များ မြန်မြန်ဆန်ဆန်ခမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။
ရေရှားမှုကြုံတွေ့နေရသည်မှာ ကျေးရွာများ စစ်ဘေးရှောင်များသာမကရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သည့် စစ်တွေမြို့ကြီးအပါအဝင် မြို့နယ်တော်တော်များများတွင် လည်း သောက်သုံးရေအခက်အခဲ ကြုံနေကြရသည်။
#ပုဏ္ဏားကျွန်း #သောက်သုံးရေ #စစ်ဘေးရှောင် #ကလေးငယ် #ဝမ်းရောဂါ
#Ayeyarwaddy_Times