နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)/ဧပြီလ၂၇ ရက်

စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်မှာ စစ်ကောင်စီ၏ တပ်မ ၃၃ မှ ၂ ရက်အတွင်း ဒေသခံ ၇ ဦးအား အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်သွားကြောင်း ဒေသခံများ ဆီက သိရသည်။

ဧပြီလ ၂၅ ရက်နှင့် ၂၆ ရက်မှာ ဆားလင်းကြီး မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာပြီး တွေ့သမျှ လူများကို ရမ်းသမ်း ပစ်ခတ်သွားမှုလည်း ပြုလုပ်ကြောင်း ဓာမဆိုင်း တပ်ရင်း (၂၈) က ခေါင်းဆောင် ဗိုလ်စွမ်းသူမောင် ကလည်း ပြောသည်။

“သူတို့ ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးသွားတဲ့ ဒေသခံတွေကော လမ်းပြခေါ်သွားပြီး ရွာအထွက်တွေမှာ ခေါင်းဖြတ် သတ်တာတွေပါ လုပ်သွားတာ”ဟုလည်း ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

ယခု အသတ်ခံရသူများမှာ အသက် ၂၀ ကျော် အရွယ် ၃ ဦး၊ အသက် ၄၀ ကျော် ၂ ဦးနဲ့ အသက် ၅၀ ဝန်းကျင် ၂ ဦးတို့ ဖြစ်ပြီး PDF အဖွဲ့ဝင်များ မဟုတ်ကြောင်း၊ အကြောင်းမဲ့ သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်က သတ်သွားသည် ဆိုသော ၇ ဦး နေထိုင်ရာ ကျေးရွာများမှာ မြိုင်ဘက်ကဟုသာ သိရပြီး အတိအကျ မသိရှိရသေးပါ။

အခြားရက်များမှာလည်း မုံရွာမြို့တွင် ဖမ်းဆီးထားသော လူငယ်များကို လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး သတ်ဖြတ်မှုများ ရှိသည်ဟုလည်း ဆိုသည်။

ဆားလင်းကြီး မြို့နယ်အတွင်း စစ်ကောင်စီတပ်များက အင်အားသုံး စစ်ကြောင်းထိုးမှုများကို ဧပြီလ ပထမ အပတ် ကတည်းက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ပိုမိုလှုပ်ရှားလာပြီး ဒေသခံများကိုလည်း ဖမ်းဆီး သတ်ဖြတ်မှုများ ပိုမို လုပ်ဆောင်လာနေကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

#ဆားလင်းကြီး #၂ရက်အတွင်း #အပြစ်မဲ့ပြည်သူ #စစ်ကောင်စီ #တပ်မ၃၃ #အပြစ်မဲ့ပြည်သူ #ပစ်ခတ်သတ်ဖြတ်
#Ayeyarwaddy_Times