ဧရာဝတီတိုင်းမ်
ဧပြီလ ၂၇ ရက်
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ရဲစခန်းမှ ရဲတပ်သား တစ်ဦး
ယမန်နေ့ ဧပြီလ ၂၆ ရက် ည ၇ နာရီဝန်းကျင်မှာ သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သတင်းရရှိပါတယ်။
အဆိုပါ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ရဲတပ်သားမှာ ခိုင်မင်းထွန်း ဆိုသူဖြစ်ပြီး ထန်းဇင်ကျေးရွာ၊ မြင်းခြံ – ရေဝန်း ကားလမ်းမဘေး ထန်းဇင်ကန်အနီးမှာ ကျည်ဆံ ( ၈ )ချက်နဲ့ ပစ်သတ်ခံရတာဖြစ်တယ် လို့ နွားထိုးကြီး ဒေသခံတွေကပြောပါတယ်။
ဒါ့ပြင် ရဲတပ်သားမှာ နားထင် ၁ ချက်၊ ကြောဘက် ၂ ချက်၊ အောက်မေးရိုး ၁ ချက်၊ နားရွက်အောက် ၁ ချက်၊ ရင်ညွှန့် ၁ ချက်၊ ဝမ်းဗိုက် ၁ ချက်၊ လက်မောင်း ၁ ချက် သေနတ်ဒဏ်ရာတွေ တွေ့ရှိရတယ် လို့ ဒေသခံတွေကပြောပါတယ်။
” အဲ့ဒီစစ်တပ်လက်အောက်ခံရဲက ကားလမ်းမဘေးရှိ ထန်းဇင်ကန်အနီးမှာ သေနေတာပါ။ သေနတ် ဒဏ်ရာတွေကတော့ တစ်ကိုယ်လုံး အတော်လေးများတယ်။ဘယ်သူတွေ လုပ်တယ်ဆိုတာတော့ မသိပါဘူး” လို့ နွားထိုးကြီးမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီ ပစ်သတ်ခံရတဲ့ ရဲတပ်သား ခိုင်မင်းထွန်းကို ဘယ်နက်ကိုင် အဖွဲ့အစည်းက ပစ်သတ်သွားတယ်ဆိုတာကိုတော့ မသိရှိသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။
ထိုရဲတပ်သား သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် ထန်းဇင်ကျေးရွာအနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေတယ် ဒေသခံတွေပြောပြချက်အရ သိရှိပါတယ်။
#နွားထိုးကြီး #ရဲတပ်သားတစ်ဦး #သေနတ်ကျည်ဆံ၈ချက်ဖြင့်#ပစ်သတ်ခံရ#Ayeyarwaddy_Times