နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၂၇ ရက်

အာဏာသိမ်း စစ်ကောင်စီသည် စစ်ရေးအရ အထိနာစေပြီး ၎င်းတို့ ထိန်းချုပ် နိုင်စွမ်းမရှိသည့် နယ်မြေဒေသများတွင် သာမန်အရပ်သား ပြည်သူများအပါအဝင် ဂေဟစနစ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်သည့် ဓာတုလက်နက် ထုတ်သုံးလာနိုင်ကြောင်း စစ်နည်းဗျူဟာနှင့် စစ်လက်နက်အကြောင်း ကျွမ်းကျင်သူ CDM အရာရှိများက သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီအတွက် ဓာတုလက်နက်နှင့် ဇီဝလက်နက်‌များကို တပ်မတော်သိပ္ပံနှင့် သုတေသနဌာန(သသန)တွင် Research လုပ်နေခြင်းမျိုးရှိသည်ဟု သိထားရပြီး စစ်လက်နက်များ ထုတ်လုပ်နေသည့် ကာကွယ်‌ရေးပစ္စည်း စက်ရုံ(ကပစ)များ၏ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းသည် ထို(သသန)မှ ရာထူးတိုးလာ သူဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ကာကွယ်‌ရေးပစ္စည်းစက်ရုံ(ကပစ)တွင် ဓာတုလက်နက်နှင့် ဇီဝလက်နက်များ ထုတ်လုပ်ကောင်း၊ ထုတ်လုပ်နေနိုင်ပြီး Mustard gas လိုမျိုး ဓာတုလက်နက်များသည် လူ‌ပေါင်းများစွာ သေ‌ကြေ စေနိုင်သည့်အပြင် ဂေဟ စနစ် အပေါ်တွင်လည်း နှစ်ပေါင်းများစွာ ဘေးထွက်ဆိုးကျိုးများရှိသောကြောင့် နိုင်ငံတကာ တွင် ပိတ်ပင်တားမြစ်ထားကြောင်း CDM ဗိုလ်ကြီးဗစ်တာ ထံကသိရသည်။

“စစ်တပ်ဟာ ဓာတုလက်နက်တွေ သုံးစွဲနေတယ်လို့ ပြီးခဲ့တဲ့နှစ်ကစပြီး တော်လှန်ရေး တပ်ဖွဲ့တချို့က စွပ်‌စွဲခဲ့ကြတာ တွေ့နေရပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ စကစဟာ ဓာတုလက်နက်တွေ ထုတ်သုံးနေတယ်ဆိုတဲ့ ခိုင်လုံ တဲ့အထောက်အထားမျိုးတော့ မတွေ့ရသေးပါဘူး။ ဓာတုလက်နက်အဆိပ်သင့်တဲ့ လက္ခဏာတွေဟာ သာမန်လက်နက် တွေထက် သိသိသာသာ ကွဲပြားနေတတ်လို့ ဘယ်လိုမှ ငြင်းမရတဲ့ သက်သေ အထောက်အထားတွေက ကျန်ရစ်ခဲ့မှာပါ” ဟု CDM ဗိုလ်ကြီးဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ဓာတုလက်နက်သုံးစွဲကြောင်း ခိုင်မာသည့် အထောက်အထား မတွေ့ရသေးသော်လည်း ‌ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ဓာတုလက်နက် အန္တရာယ်ကို သတိတရား (awareness) ရှိရှိဖြင့် ကြိုတင် ပြင်ဆင်ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း CDM ဗိုလ်ကြီး ဗစ်တာက ဆိုသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ဒေသတွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်မှ ၂၄ ရက်ထိ နှစ်ရက်တာအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုအပြင် ဓာတုလက်နက်ဟု ယူဆရသော လက်နက်ကြီးများဖြင့် ပါ တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့သည်။

တော်လှန်ရေးအင်အားစုများ လုံခြုံရေးယူထားသော နယ်မြေတွင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့က စစ်ကောင်စီမှ လက်နက်ကြီးဖြင့် အကြိမ်(၃၀)ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်ခဲ့သော လက်နက်ကြီးတွင် ဓာတုဗုံး (ဓာတ်ငွေ့ ဗုံး)ဟု ယူဆရသော လက်နက်ကြီးအမျိုးအစားများလည်း ပါဝင်ကြောင်း ကော်ဘရာ စစ်ကြောင်းက ဆိုထားသည်။

“ဓာတုလက်နက်တွေကို စစ်ကောင်စီအနေနဲ့ သူတို့ဘက်က အထိအခိုက်အကျအဆုံး များတဲ့အခါတိုင်း ထုတ်သုံးလေ့ရှိတယ်။ ဘယ်လိုတိုက်ပွဲတွေမှာ သုံးခဲ့သလဲဆိုရင် ကချင်မှာလည်း သုံးခဲ့တယ်။ ရခိုင်မှာလည်း သုံးခဲ့တာ ကြုံခဲ့ ကြားခဲ့ဖူးတယ်” ဟု စစ်နည်းဗျူဟာ ကျွမ်းကျင်သူ CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီအနေဖြင့် စစ်လေယာဉ်အပြင် ဓာတုအဆိပ်လက်နက်များ သုံးလာခြင်း၏ ရည်ရွယ်ချက်သည် ပြည်သူလူထုအပေါ် အကြောက်တရား ထည့်သွင်းခြင်းဖြစ်ပြီး အမုန်းတရားများသာ ပြန်လည်ရရှိလာကာ ပြည် တွင်းစစ်၌ ထိုသို့အသုံးပြု တိုက်ခိုက်ခြင်းသည် ကမ္ဘာပေါ်တွင် အမိုက်မဲဆုံး၊ အရက်စက်ဆုံး စစ်တပ်ဖြစ်ကြောင်း ပြသသည့်သဘောဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဘာလို့ဆို ဒီစစ်တပ်ဟာ သာမန်အရပ်သား ပြည်သူကိုတောင် ဗုံးကြဲဖို့ ဝန်မလေးတဲ့ စစ်တပ်မျိုးပါ။ ဒါကြောင့် စကစဟာ သူတို့အခြေအနေမကောင်းတော့တဲ့ တိုက်ပွဲတွေမှာ ဓာတုလက်နက်တွေ ထုတ်သုံးကောင်း၊ သုံးလာနိုင် တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ သူတို့မထိန်းချုပ်နိုင်တော့တဲ့ နယ်မြေဒေသတစ်ခုခုကို စွန့်ပစ်နယ်မြေ ဖြစ်သွားစေချင်တဲ့အခါမျိုးမှာ ဓာတုလက်နက်တွေ ထုတ်သုံးလာနိုင်ခြေရှိပါတယ်” ဟု CDM ဗိုလ်ကြီး ဗစ်တာက ဆက်လက်ပြောသည်။

အာဏာသိမ်း စစ်ကောင်စီက ဓာတုလက်နက်များကို ကာကွယ်‌ရေးပစ္စည်းစက်ရုံ (ကပစ)တွင် ထုတ်လုပ်ပြီး အမျိုးအစားနှင့် အရေအတွက်ကိုမူ တိတိကျကျ မပြောနိုင်သော်လည်း အမှန်တကယ် အသုံးပြုခဲ့ကြောင်းနှင့် လေယာဉ်ဖြင့်သာမက ခြေလျင်တပ်ရင်းများတွင်ရှိသော ပုခုံးထမ်း ဒုံးပစ်လောင်ချာ MA-10 တွင် သာမိုဗိုင်းရပ်စ် ဟုခေါ်သော ဗုံးသီးအမျိုးအစား တစ်ခုရှိပြီး ၎င်းသည် ဓာတုလက်နက် အမျိုးအစားထဲတွင် ပါဝင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

“သူက ပစ်လိုက်တဲ့အချိန်မှာ ဗုံးသီးဟာ Target ရဲ့အပေါ်မှာ ကွဲသွားတယ်။ ဘာဖြစ်လဲဆိုတော့ သူ့ရဲ့အာနိသင်ဟာ ဗုံးသီးနဲ့ အနီးအနား ပတ်ဝန်းကျင်ပေါ့၊ မီတာ ၅၀ ဝန်းကျင်က အောက်စီဂျင်ကို ဖြတ်ပစ်လိုက်တယ်။ ပြီးတဲ့အခါ မီးလောင်ကျွမ်းစေတယ်။ အဲလိုမျိုး အမျိုးအစား။ ပြီးတော့ အခုလေယာဉ်တွေနဲ့ ချတဲ့အခါမှာ လေယာဉ်တွေနဲ့ ချတဲ့ဗုံးပေါ့။ ဒီလိုမျိုး ဓာတုဗုံးတွေဟာ ဘယ်လိုမျိုးလည်းဆိုတော့ မီတာ ၁၀၀ အတွင်းမှာ တစ်ခါတည်းလုံးဝ အကုန်အပျောက်ဖြစ်သွားတာ။ အကုန်မီးလောင်ကျွမ်းသွားတာ။ အဲဒီလိုမျိုး သိရတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

#စစ်ကောင်စီ #ဓာတုလက်နက် #ထုတ်သုံးနိုင် #CDMဗိုလ်ကြီးများ #Ayeyarwaddy_Times