ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဧပြီလ ၂၇ ရက်

မွန်ပြည်နယ်၊ သထုံခရိုင်၊ကျိုက်ထိုမြို့နယ်၊ ကျောက်ပုံကြီးကွင်းတွင် ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရဟန်းတစ်ပါးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

သုံးခွကျေးရွာ၊ ကျောက်ရေတွင်း ဆီဆိုင် ခေါင်းရင်း အနီးရှိ ဓမ္မဗျူဟာအောင်သိန္ဒိတစ်ပါးတည်း ကျောင်းမှ သက်တော် ၅၀ နှစ်ဝန်းကျင်ရှိ ဆရာတော်ဦးဇောတိကသည် ဆွမ်းဆန်စိမ်း လှည့်လည်အလှူခံထွက်ရာ သိမ်ဇရပ် ခမရ ၂၀၇ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခြင်းဖြစ်သည်။

“ကျောက်ပုံကြီးကွင်းအ‌ရောက်မှာ ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည် ၂ လုံး ကျရောက်​ပေါက်ကွဲခဲ့ပြီး ဦးခေါင်းငယ်ထိပ် ရှပ်မှန် ဒဏ်ရာရခဲ့တယ်။ အသက်အန္တရာယ်ဝော့ာ မစိုးရိမ်ရဘူး။ သိမ်ဇရပ် ဆေးရုံကို ပို့ပေးခဲ့တယ်လို့သိရတယ်။” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်အောက်ခံ သိမ်ဇရပ် ခမရ ၂၀၇ တပ်ရင်းမှ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ၂ လုံး မှာ ကျောက်ပုံကြီးကွင်းသို့ ကျရောက်‌ပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ သုံးခွကျေးရွာ အရှေ့ဘက်ဝန်းကျင်တွင် ကျရောက်ခဲ့ကြောင်းသိရပြီး ကျန်တစ်လုံးမှာ နေရာသိရှိခြင်းမရှိကြောင်း သိရသည်။

သထုံခရိုင်အတွင်း စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်နီးပါး လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုများဖြစ်ပွားနေပြီး ဧပြီလ ၃ ရက်နေ့ကလည်း သထုံမြို့နယ်တွင် ဒေသခံ ၃ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ကြောင်း KNUမှ ထုတ်ပြန်ထားပါသည်။

#ကျိုက်ထို #ခမရ၂၀၇ #သိမ်ဇရမ် #လက်နက်ကြီး #Ayeyarwaddy_Times