ဧရာဝတီတိုင်းမ်
ဧပြီလ ၂၇ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ခိုးဆိုးလုယက်နေသူများကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းမှ ဖမ်းဆီးမှုမရှိသည့်အတွက် မြို့နေပြည်သူများမှ စိုးရိမ်ထိတ်လန့်လျှက်ရှိနေကြသည်။
ခိုးဆိုးလုယက်သူများသည် ရပ်ကွက်များအတွင်း နေ့အချိန်များ၌ပင် ခိုးဝှက်လုယက်နေပြီး မြို့နေပြည်သူ များကို ရန်ပြုတိုက်ခိုက်လျက်ရှိရာ ၎င်းတို့ကို အရေးယူဖမ်းဆီးမည့်သူမရှိပဲ အုပ်ချုပ်ရေးအဖွဲ့များကိုပိုင်သည်ဟုဆိုကာ အုပ်စုဖွဲ့ရမ်းကားလျှက်ရှိကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
အဆိုပါ ရမ်းကားလုယက်မှုများမှာ သန်လျင်မြို့နယ်အတွင်းရှိ ဘုရားကုန်း၊ အောင်ချမ်းသာ၊ ထမလုံ(ထားမလုံ)ရပ်ကွက်တို့တွင် ပေါ်ပေါ်ထင် ထင်ပြုလုပ်လျက်ရှိသည် မြို့ခံများက ဆိုသည်။
“သူခိုးတွေက ခုဆိုနေ့ခင်းဘက်တောင် မီးကြိုးတွေဖြတ်ခိုးနေတာ။ မနေ့ကတင် တစ်ယောက်မိတယ်။ ကျန်တဲ့နှစ်ယောက်ကထွက်ပြေးလို့မမိလိုက်ဘူး။ သူတို့ကအုပ်စုဖွဲ့ပြီး ဓားတွေနဲ့ သွားလာနေတာ။ လမ်းထိပ်အုတ်ခုံတွေဆိုလည်း နေ့ရော၊ ညရော အရက်စုဖွဲ့ သောက်တာ ငှက်ကြီးတောင်ဓားထောင်ပြီးတော့။ သူတို့ကျတော့ ဘယ်သူမှမဖမ်းဘူးဗျ”ဟု အောင်ချမ်းသာရပ်ကွက်တွင်နေထိုင်သူ ဦးလှမြင့်မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ သူခိုးလူမိုက်များသည် နေ့ဘက်၌ပင်ပေါ်ပေါ် ထင်ထင်ခိုးယူနေပြီး ရပ်ကွက်နေပြည်သူများမှ ဖမ်းမိ၍ ရဲလက်အပ်သော်လည်း နောက်တစ်နေ့၌ပင်ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
ဘုရားကုန်းဈေးအနီး နေထိုင်သူတစ်ဦးက “သူခိုးကိုဖမ်းမိလို့ရဲခေါ်ရင်တောင် မလာပါဘူး။ ဖမ်းလည်းမဖမ်းဘူး။ ပိုဆိုးတာက ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေကို ပိုင်တယ်ဆိုပြီး ခိုးလို့ရတဲ့ထဲက တစ်၀က်ပေးလိုက်ရင်အေးဆေးပဲဆိုပြီး လုပ်နေတာ။ အိမ်နားက အုတ်ခုံမှာအရက်သောက်ရင်းပြောကြတာ ၁၅ သိန်းဖိုးလောက်ရှိတဲ့ ခိုးစရာနေရာတွေ့ထားတယ်၊ ရဲကို သုံးပုံးလောက်ပစ်ပေးလိုက်ရင် အေးဆေးပဲတဲ့ဆိုပြီးပြောနေတာ”ဟု ဆိုသည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့လည်နေရာ၌ပင် ၀င်ရောက်လုယက်သတ်ဖြတ်မှုများကြောင့် လူသေဆုံးမှုများပါ ဖြစ်ပွားခဲ့ပြီး မြို့ဆင်ခြေ ဖုံးရပ်ကွက်များတွင် ဓားထောက်လုယက်မှုများ၊ အိမ်တွင်းဖောက်၀င်ခိုးယူမှုများ ပိုမိုဖြစ်ပွားလျက်ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
#သန်လျင် #သူခိုး #လူမိုက် #ရဲ #အုပ်ချုပ်ရေးမှူး #ခွဲတမ်း #ဂိုဏ်းဖွဲ့ရမ်းကားနေ
#Ayeyarwaddy_Times