ဧရာဝတီတိုင်းမ်
ဧပြီလ ၂၆ ရက်

၂၀၂၂-၂၀၂၃ ခုနှစ် တရုတ် နိုင်ငံနှင့် မြန်မာနိုင်ငံကြား ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဘီလီယံကျော်ရှိကြောင်း စစ်ကောင်စီထံက သိရသည်။

ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အထိ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပနေသော အာဆီယံ − တရုတ် စိုက်ပျိုးရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စားရေရိက္ခာ ဖူလုံမှု ရှိစေရေး အထိမ်းအမှတ်နှစ် အခမ်းအနား ဖွင့်ပွဲ၌ စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းနောင်က မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။

၂၀၂၂ – ၂၀၂၃ ခုနှစ် အတွင်း လယ်ယာ ထွက်ကုန်များကို ယခင်နှစ်များထက် ပြည်ပသို့ ပိုမို တင်ပို့နိုင်ခဲ့သည်ဟုလည်း ၎င်းက ဆိုထားသည်။

၂၀၂၀ ပြည့်နှစ် နောက်ပိုင်း တရုတ်က နယ်စပ်ဂိတ်များကို ပြန်ဖွင့်ပေးခြင်း၊ ကိုဗစ် အတားအဆီးများကို လျှော့ချလိုက်ခြင်း များကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်တက် လာကြောင်း ကုန်သည် အသိုင်းအဝိုင်းကလည်း သတင်း မီဒီယာများကို ပြောဆို ထားသည်။

အထူးသဖြင့် မူဆယ်နယ်စပ် ဂိတ်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်များ ကနေ ကြံ၊ ပြောင်း၊ ပဲမျိုးစုံ၊ ဆန် နှင့် တခြား စိုက်ပျိုးရေး ထွက်ကုန်များ၊ ရေထွက်ကုန်များကို တရုတ်က ပြန်ဝယ်လာခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ထိုသို့ တရုတ်ဝယ်လိုအား တက်လာသော်လည်း မြန်မာဘက်တွင် သီးနှံမျိုးစုံ အထွက်နှုန်း ကျဆင်းနေကြောင်း၊ စစ်ရေး ပဋိပက္ခများကြောင့်လည်း ဈေးကွက်ထဲသို့ ရောက်သင့်သလောက် ရောက်မလာကြောင်း တရုတ်နယ်စပ် ကုန်သည် အသိုင်းအဝိုင်းကြား ပြောဆိုမှုများလည်း ရှိသည်။

တရုတ်-မြန်မာ ကုန်သွယ်မှု ပမာဏသည် NLD အရပ်သား အစိုးရ လက်ထက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကျော် ရှိခဲ့ကြောင်း၊ မြန်မာဘက်က ရေနံ သဘာဝ ဓာတ်ငွေ့ အပါအဝင် သန့်စင်ပြီးသား ကြေးနီ သတ္ထုနှင့် ဆန်ကို အဓိက တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၂၁- ၂၀၂၂ တွင် ကိုဗစ် ကပ်ရောဂါနှင့် ပြည်တွင်း ပဋိပက္ခများကြောင့် ထက်ဝက်ကျော် ကျဆင်းခဲ့ကြောင်း စစ်ကောင်စီ၏ တရားဝင် သတင်းအချက်အလက် ဖော်ပြချက်များအရ သိရသည်။

အဆိုပါ အာဆီယံ − တရုတ် စိုက်ပျိုးရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စားရေရိက္ခာ ဖူလုံမှု ရှိစေရေး အထိမ်းအမှတ်နှစ် အခမ်းအနားတွင် စစ်ကောင်စီ ဝန်ကြီး ဦးမင်းနောင်က မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေရရှိရေး၊ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများ အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူး ရန်ပုံငွေ ကူညီထောက်ပံ့မှုများ ဆက်လက် ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး ဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းလည်း စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆိုင်ရာ ထောက်ပံ့ ကူညီမှုများကို မြန်မာ – တရုတ် နှစ်နိုင်ငံ လယ်ယာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ၊ မဲခေါင် – လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်၊ ပိုးလမ်းမ စီမံကိန်း စသည့် ပူးပေါင်း ဆောင်ရွက်မှု အသီးသီးမှတဆင့် ရရှိခဲ့သည့်အတွက် တရုတ်နိုင်ငံ အစိုးရကို အထူး ကျေးဇူးတင်ရှိကြောင်း စစ်ကောင်စီ ဝန်ကြီး ဦးမင်းနောင်က ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။

#တရုတ်မြန်မာကုန်သွယ်မှု #၂၀၂၂_၂၀၂၃ #ဒေါ်လာ၂ဘီလီယံကျော် #စစ်ကောင်စီ #Ayeyarwaddy_Times