ဧရာဝတီတိုင်းမ်
ဧပြီလ ၂၆ ရက်

စစ်ကောင်စီကပြုလုပ်တဲ့ သင်္ကြန်ပွဲအပြီး ဧရာဝတီတိုင်းမှာ ပထမဆုံး လူနာသစ် ၅ ဦးတွေ့ရှိခဲ့တယ်လို့ ဧပြီလ ၂၆ ရက်နေ့ ညနေပိုင်းမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက လူစုလူဝေးနဲ့ပွဲတွေဆက်တိုက်ပြုလုပ်နေပြီး သင်္ကြန်ပွဲအပြီး ၁ ပတ်အကြာမှာ ခုလို ပထမဆုံး ရောဂါအတည်ပြုလူနာသစ် ၅ ဦးပြန်လည်တွေ့ရှိတာဖြစ်တယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။

”ခုကဖြစ်နေတာက တိတ်တိတ်ကုနေတာတွေလည်းရှိတယ်၊ တော်တော်ဆိုးမှဆေးရုံသွားစစ်တာ၊ ခုထုတ်ပြန်တာက ဆေးရုံတက်ပြီး စစ်တဲ့စာရင်းလောက်ပဲ ဖြစ်နိုင်တယ်”လို့ ဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာသစ် ၅ ဦးတွေ့ရှိတဲ့သူတွေဟာ ပုသိမ်မြို့က တစ်ဦးနဲ့ မြန်အောင်မြို့က ၄ ဦးဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားတာပါ။

ရောဂါပိုးတွေ့ရှိတဲ့သူတွေရဲ့ ကူးစက်ခံရမှုအသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြထားတာမျိုးမရှိသေးပါဘူး။

စစ်ကောင်စီက သင်္ကြန်ပွဲတော်ပြုလုပ်ပြီး တစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၅၀၀ ဝန်းကျင်ထိပြန်လည်များပြားလာတာကြောင့် စိတ်ပူရတဲ့အနေအထားဖြစ်တယ်လို့ CDM ဆရာဝန်တွေက သတိပေးပြောဆိုထားပါတယ်။

#ပုသိမ်မြို့ #ဧရာဝတီတိုင်း #ကိုဗစ်အတည်ပြုလူနာ #ပြန်လည်များပြား #Ayeyarwaddy_Times