နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ) / ဧပြီလ၂၆ရက်

ထိုင်းနိုင်ငံ မဲဆောက်မြို့အနီးရှိ ခလီရတ်စု ဟွေ့ဖိုင်ရွာအနီးလယ်ကွင်းပြင်တွင် ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ ညနေ ၅ နာရီခန့်က ရွှေ့ပြောင်းမြန်မာ အလုပ်သား နှစ်ဦး လေပြင်းတိုက်ခိုက်၍ မိုးကြိုးထိမှန်ကာ သေဆုံးခဲ့ကြောင်းသိရသည်။

မိုးကြိုးပစ်ခံရ၍ အသက် (၂၁) နှစ်ရှိ အစိန်ဆိုသူနှင့် ညီမဖြစ်သူ အသက် (၂၀)နှစ်ရှိ မမွှေးဆိုသူ ရွှေ့ပြောင်းမြန်မာ အလုပ်သမား မောင်နှစ်မ နှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံပရဟိတအဖွဲ့နှင့်နီးစပ်သူတစ်ဦးထံက သိရသည်။

“နေက အရမ်းပူပြီး လျပ်တပြတ် လေပြင်းတိုက်နေတဲ့အပြင် မိုးကြိုးပါပစ်တာ။ ကံဆိုးချင်တော့ ဈေးဝယ်ထွက်လာတဲ့ မောင်နှစ်မ ၂ ယောက်ကို မိုးကြိုးထိမှန်ပြီးသေဆုံးသွားတာ။ ဖို့ဖတ် ဆေးရုံကြီးကို ပိုဆောင်ပေးထားတယ်” ဟု ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေးဆောင်ရွက်သူ ဦးမိုးကြိုးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

မိုးကြိုးပစ်ခံရ၍ ညီမ ဖြစ်သူမှာ လေးမီတာခန့် လွင့်စင်ကာ သေဆုံးနေပြီး ဆိုင်ကယ်မောင်းလာသည့် အစ်ကိုဖြစ်သူမှာ ဆိုင်ကယ် ပေါ်တွင် သေဆုံးနေခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံက သိရသည်။

မိုးကြိုကာလများဖြစ်သည့် ဧပြီနှင့် မေလတို့တွင် မိုးကြိုးအန္တရာယ်ကို အထူးသတိပြုရန် လိုအပ်ပြီး ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့ကလည်း မြန်မာနိုင်ငံ မကွေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာတွင် နွားကျောင်းနေသည့် သားအဖ နှစ်ဦး မိုးကြိုးထိမှန်ကာ သေဆုံးခဲ့ရသည်။

#ထိုင်းနိုင်ငံ #မဲဆောက်မြို့ #ရွှေ့ပြောင်းလုပ်သား #မောင်နှစ်မ၂ဦး #မိုးကြိုးပစ် #သေဆုံး #Ayeyarwaddy_Times