ဧရာဝတီတိုင်းမ်
ဧပြီလ ၂၆ ရက်

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ သင်္ကြန်အပြီး ဧပြီလ ၂၃ ရက်နေ့ကနေ ဧပြီလ ၂၅ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ ၂၀၀ နီးပါပြန်လည်မြင့်တက်လာခဲ့သည်။

သင်္ကြန်ကာလအပြီး ဧပြီလ ၂၃ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာ ၄၅ ဦး၊ ဧပြီလ ၂၄ ရက်နေ့မှာ ၅၁ ဦးနဲ့ ဧပြီလ ၂၅ ရက်နေ့မှာ ၇၁ ဦးထိ ရောဂါကူးစက်မှုနှုန်းပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါသည်။

ခုလိုမျိုး စစ်ကောင်စီက ကိုဗစ်ရောဂါကာကွယ်ဆေးထိုးထားတာ တစ်နိုင်ငံလုံးရာနှုန်းပြည့်နီးပါး ထိုးထားပြီးပြီ လို့ ထုတ်ပြန်ထားပေမယ့် ရောဂါကူးစက်မှုနှုန်းမြင့်တက်လာတာဟာ စစ်ကောင်စီရဲ့ထိုးပေးတဲ့ ကာကွယ်ဆေး မထိရောက်မှုကြောင့် ဖြစ်တယ်လို့ CDM ဆရာဝန်များမှာ သုံးသပ်ပြောဆိုသည်။

“ အဓိက သူတို့ဆေးထိုးပြီးတာကို ရာနှုန်းနဲ့ထုတ်ပြန်ထားတာရှိတယ်၊ အားလုံးနီးပါးတော့မဟုတ်သေးပေမယ့် အားလုံးထိုးပြီးသလောက်ဖြစ်နေပြီ၊ အဲ့တော့ ဒီလိုလူဦးရေပြန်များလာရတာဟာ အကြောင်းပြချက် ၂ ခုပဲရှိမယ်၊ တစ်ခုက ဆေးမတိုးလို့လားဆိုတာနဲ့ ပြည်ပက ပြန်လာသူတွေမှာတွေ့တာတာ အဲ့နှစ်ခုက အဖြေပဲ”လို့ CDM ဆရာဝန်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ နည်းပညာကိုအကူညီယူပြီး ထုတ်လုပ်တဲ့ မြန်ကိုဖန်ဆေးများကို မြန်မာပြည်သူအများစုကို ထိုးပေးခဲ့ပြီး ဆေးအာနိသင် အကျိုးသက်ရောက်မှုမရှိတာကြောင့် ခုလိုမျိုး ကူးစက်မှုပြန်လည်မြင့်တက်လာတာ ဖြစ်နိုင်ကြောင်း CDM ဆရာဝန်အများစုက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မြန်ကိုဖန် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၄ ဒဿမ ၂ သန်းကျော်ထုတ်လုပ်ထားပြီး ကျန်းမာရေးဝန်ကြီးဌာနသို့ ဆေးအလုံးပေါင်း ၃ သန်းကျော် ဖြန့်ဖြူးထားပြီဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လပိုင်းတွင် စစ်ကောင်စီက အသိပေးခဲ့သည်။

ထိုကိုဗစ်ကာကွယ်ဆေးများကို စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက အသက် ၁၈ နှစ်အောက် ကလေးငယ်များကို ထိုးနှံပေးခဲ့သည်ဟုဆိုသည်။

သင်္ကြန်ကာလအပြီး ကိုဗစ်ကူးစက်မှုနှုန်းပြန်လည်များပြားလာပြီး ကျန်းမာရေးဝန်ကြီးဌာနနေ့စဉ် ထုတ်ပြန်သည့် စာရင်းအတွင်း ရာနှုန်းတဝက်မှာ ပြည်တွင်းကူးစက်ခံရသူများဖြစ်ပြီး ကျန်သူများမှာ ပြည်ပမှ ပြန်လာသူများဖြစ်သည်ဟု ဆိုသည်။

CDM ပြုလုပ်ခဲ့သည့် ဆရာဝန်များကတော့ စစ်ကောင်စီကထုတ်ပြန်တဲ့စာရင်းထက် ရောဂါကူးစက်ခံရသူမှာ ပိုများနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

ကိုဗစ်ရောဂါကူးစက်မှုနှုန်းပြန်လည်မြင့်တက်လာမှုကြောင့် စစ်ကောင်စီက ဆေးရုံတွေမှာ ရောဂါကုသဖို့အတွက် အသင့်ပြင်ဆင်ထားဖို့ ပြီးခဲ့သည့်ရက်ပိုင်းက ညွှန်ကြားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

#ကိုဗစ်ရောဂါ #သင်္ကြန်ကာလအပြီး #ကူးစက်မှု #ပြန်လည်မြင့်တက် #Ayeyarwaddy_Times