နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဧပြီလ ၂၆ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးဖွင့်ထားတဲ့ စားသောက်ဆိုင်နားဗုံးပေါက်ကွဲမှုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။

ရေလဲလမ်းနဲ့ မြို့ရှောင်လမ်းဒေါင့်မှာရှိတဲ့ တလုပ်လပ်နောက်ကျေးရွာအုပ်ချုပ်ရေးမှူးဖွင့်ထားတဲ့ BKK စားသောက်ဆိုင်နားမှာ ည ၁၁ နာရီကျော်လောက်ဗုံးပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” ညကပေါက်ကွဲသံကြားလိုက်တယ်၊ မြို့ပတ်လမ်းဆုံ စားသောက်ဆိုင်နားက၊ လူထိခိုက်တာမျိုးတော့ မကြားမိဘူး”လို့ အ သက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ အိမ်စီးကားတွေနဲ့ရော တပ်ကားတွေနဲ့ပါရောက်ရှိလာပြီး လှည့်ပတ်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ အတည်ကျမသိရသေးပေမယ့် စစ်ကောင်စီတပ်ဘက်က မနက်ပိုင်းမှာ လုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့စစ်ဆေးတာတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအူပင်မြို့အထွက် ကျိုက်လတ်မြို့ဘက်ကိုသွားတဲ့လမ်းမှာ မတ်လ ပထမပတ်လောက်က မအူပင်မြို့မှကြိုဆိုပါ၏ ဆိုင်းဘုတ်နားမှာ ဗုံးပေါက်ကွဲခဲ့ပေမယ့် စစ်ကောင်စီတပ်ဘက်က သတင်းဖုံးအုပ်ခဲ့တယ်လို့ ဆိုပါတယ်။

#မအူပင်မြို့ #စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆိုင် #ဗုံးပေါက်ကွဲ #Ayeyarwaddy_Times