ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂၊ ၂ဝ၂၂

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ်ရှိ အာဏာသိမ်း စစ်ကောင်စီ၏ ပစ်မှတ်များကို ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့ UG များမှ ဗုံးဖောက်ခွဲခဲ့ပြီး စစ်ကောင်စီ၏ တပ်သားတချို့ ဒဏ်ရာရရှိခဲ့ကြကြောင်း ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့ဝင် တချို့ထံက သိရသည်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်နှင့် အရှေ့ဒဂုံမြို့နယ်တို့တွင် လျှပ်စစ်ရုံးများအပါအဝင် စစ်ကောင်စီတပ်သားများ စခန်းချထားသည့် နေရာတချို့ကို ပစ်မှတ်ထားကာ ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့တခုမှ တာဝန်ခံတဦးက ပြောသည်။

”ကျနော်တို့ အဖွဲ့ ၄ ဖွဲ့လောက် ပေါင်းလုပ်ကြတာပါ။ တနေရာနဲ့ တနေရာ ပစ်မှတ်တော့ မတူဘူးပေါ့။ စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာ ရသွားတယ်လို့ သိရတယ်။ အသေဆုံးတော့ မသိရသေးဘူး။ တချို့နေရာတွေမှာ အရေးပေါ် ကားတွေ မီးစုံဖွင့်ပြီး အတင်းမောင်းသွားတာမျိုးတော့ ရှိတယ်။ ပြည်သူတဦးမှ ကျနော်တို့ပစ်မှတ်ထားတာမှ အထိခိုက် မရှိပါဘူး” ဟု သူက ဆိုသည်။

သို့သော် ရွှေပြည်သာမြို့နယ် လျှပ်စစ်ရုံးကို ပစ်မှတ်ထားကာ ဖောက်ခွဲရာတွင် မိုးရွာနေသည့်အတွက် ဗုံးပေါက်ကွဲမှု မဖြစ်ခဲ့ကြောင်း၊ ထို့အတွက် ပြည်သူများအနေဖြင့် လျှပ်စစ်ရုံးအနီးဝန်းကျင်တွင် သွားလာနေမှုများကို အထူးသတိထားသင့်ကြောင်း ရွေပြည်သာမြို့နယ်၊ မြေအောက်တော်လှန်ရေးတပ်ဖွဲ့ SPTUG က သတိပေးထားသည်။

ယနေ့သည် မြန်မာဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဖြစ်သည့်အတွက် မိမိတို့ မြေအောက် ပျောက်ကြားတပ်ဖွဲ့ဝင်များအနေဖြင့် ရန်ကုန်မြို့အတွင်း မည်သည့်လှုပ်ရှားမှုမှ ပြုလုပ်သွားမည်မဟုတ်ပဲ ပြည်သူအများ သွားလာနေမှုအပေါ် အထိခိုက် ဖြစ်စေမည့် မည်သည့်လုပ်ရပ်တခုမှ ပြုလုပ်မည်မဟုတ်ကြောင်း ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့များထံမှ သိရသည်။

သို့ရာတွင် ရန်ကုန်မြို့အတွင်း တချို့နေရာများတွင် အာဏာသိမ်းစစ်တပ်သည် လမ်းပိတ်ဆို့ စစ်ဆေးခြင်း၊ ပြည်သူအများ သွားလာနေမှုအပေါ် ကင်းထောက်နေခြင်းများကို မြို့နယ်တော်တော်များများတွင် ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် မြို့နယ်တချို့တွင်လည်း အာဏာသိမ်းစစ်တပ်သည် ဆိုင်ကယ်များကို ပိတ်ဆို့ဖမ်းဆီးနေကြောင်း၊ အရပ်ဝတ်ဖြင့် အိမ်စီးကားများဖြင့် လှည့်လည်နေခြင်း၊ စစ်ကား၊ ရဲကားများဖြင့် ကင်းလှည့်နေခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။

ယမန်နေ့က လမ်းမတော်မြို့နယ်တွင် Wavepay ငွေလှဲပေးသည့်ဆိုင်နှင့် ပြည်လမ်းနှင့် မင်းရဲကျော်စွာလမ်းရှိ Money Exchange တခုတို့တွင် လက်နက်ပြ အနုကြမ်းစီးခဲ့သည့် ဖြစ်စဉ်များသည် မိမိတို့ မြို့ပြ ပျောက်ကြားတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ခြင်းမရှိဟု ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့ဝင်များထံမှ သိရသည်။

”မနေ့ မနက်ပိုင်းက ရန်ကုန်မှာ အနုကြမ်းစီးမှု ဖြစ်ခဲ့တယ်ဆိုတာ ကျနော်တို့လည်း သတင်းကြားတယ်။ အဲ့ဒီဟာက ကျနော်တို့ မြို့ပြပျောက်ကြား တော်လှန်ရေး တပ်ဖွဲ့တွေ လုပ်တာ မဟုတ်ဘူးဆိုတာ အတိအလင်း ပြောလိုတယ်။ ဘယ်သူတွေဆိုတာတော့ ကျနော်တို့လဲ မသိဘူး။ ကျနော်တို့ မဟုတ်တာကတော့ ကျိန်းသေတယ်။  ကျနော်တို့ မြို့ပြပျောက်ကြားအဖွဲ့တွေကို စစ်ကောင်စီက တနည်းနည်းနဲ့ ပုံဖျက်ဖို့ ကြိုးစားနေတဲ့ လုပ်ရပ်လို့ပဲ ပြောချင်တယ်” ဟု ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့တခုမှ တာဝန်ရှိသူ တဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။