ဧရာဝတီတိုင်းမ်
ဧပြီလ ၂၆ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သဲပုံကျေးရွာ၌ လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင် ဦးရေ ၁၉၀ ကျော်မှာ စားနပ်ရိက္ခာနှင့် အကူအညီများ အရေးပေါ် လိုအပ်လျှက်ရှိကြောင်း သိရသည်။
သဲပုံကျေးရွာသို့ လာရောက် စစ်ဘေးတိမ်းရှောင်နေရသည်မှာ ၁၀ လနီးပါးအထိရှိ နေပြီဖြစ်သော်လည်း စစ်ကောင်စီထံမှ တစ်ကြိမ်တစ်ခါမျှ အကူအညီ ရရှိခြင်းမရှိသလို ဒေသခံ ကျေးရွာသားများ၏ အကူအညီဖြင့်သာ နေထိုင်နေကြရကြောင်း စစ်ဘေး ရှောင်စခန်း တာဝန်ရှိသူများထံက သိရသည်။
“စစ်ဘေး စရှောင်လာကတည်းက အစိုးရ(စစ်ကောင်စီ)ဆီက ဘာအထောက်အပံ့ မှမရသေးဘူး။ WFP ကလည်း တစ်ခါမှမရဖူးဘူး။ ကျွန်တော်တို့စာရင်းတွေ သူတို့ဆီမှာ မရှိတာလား။ ခေါင်တဲ့နေရာတွေမို့ မရောက်တာလားမသိဘူး။ ပုဂ္ဂလိက အလှူရှင်တွေ ကတော့ တစ်ခါတလေ လာထောက်ပံ့တယ်။ အဓိကကတော့ ဒီကရွာခံ သားတွေရဲ့ ပေးကမ်းမှုနဲ့စားသောက်နေရတယ်။ တောတောင်ထဲကိုအရေးစွန့်သွားပြီး ထင်းခွေ၊ ဝါးခုတ်တယ်။ တော်တော်လေးကို ခက်ခက်ခဲခဲနဲ့ရုန်းကန်ဖြတ်သန်းနေရပါတယ်” ဟု စစ်ဘေး ရှောင်စခန်းမှ တာဝန်ရှိသူ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါစစ်ဘေးရှောင်များမှာ လက်ရှိတွင် သဲပုံကျေးရွာမှ ကျောင်းထိုင်ဆရာတော် ပိုင်မြေတွင် အဆောင်ဆောက်လုပ်နေထိုင်နေကြခြင်းဖြစ်ပြီး ခက်ခဲစွာဖြတ်သန်းနေရ၍ ထောက်ပံ့မှုပေးရန် မျှော်လင့်လျှက်ရှိသည်။
“နိုင်ငံခြားမှာအလုပ်လုပ်နေကြတဲ့အလုပ်သမားတွေက စုပေါင်းပြီးတစ်ခါတလေ လှူတယ်။ ပြီးတော့ ဒီကအဖွဲ့အစည်းလေးတွေလည်း တခါတလေ လာလှူတယ်။ ဒါပေမဲ့ ပုံသေမရှိဘူး။ အခြားစစ်ဘေးရှောင်စခန်းတွေလိုမျိုး လတိုင်းပုံမှန် ထောက်ပံ့ ငွေရရင်တော့ စားဝတ်နေရေးအတွက် တစိတ်အပိုင်းအထောက် အကူ ပြုတာပေါ့။ ဖြစ်နိုင်ရင် ကျွန်တော်တို့ဆီကိုလည်း လာကြည့်ရှုပေးစေချင်ပါတယ် ” ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါစစ်ဘေးရှောင်များမှာ ကျောက်တော်မြို့နယ် ၊ရုပ်သားကျေးရွာသားများဖြစ်ကြပြီး တကျော့ပြန်တိုက်ပွဲကာလအတွင်း ကျောက်တော် အခြေစိုက် စကခ (၉) မှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ၂၀၂၂ခုနှစ်၊ ဇူလိုင်လအတွင်းမှစ၍ ထွက်ပြေး တိမ်းရှောင်လာကြခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးပေ။
“ပြေးလာတုန်းကလည်း တိုက်ပွဲကြောင့်ပြေးရတာမဟုတ်ဘဲ လက်နက်ကြီးကြောင့် ဆိုတော့ ရွာမှာမနေရဲဘူး။ ဘယ်နေ့ဘယ်ရက် ထဖြစ်မလဲဆိုတာမသေချာဘူး။ ရွာမှာလည်း အိမ်တွေ ဘယ်လိုရှိမှန်းမသိတဲ့အနေအထားမှာ နေရပ်ပြန်ဖို့အတွက်လည်း အဆင်မပြေ ဘူး” ဟုအသက် ၅၀ ကျော်အရွယ် စစ်ဘေးရှောင်တစ်ဦး ကပြောသည်။
ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ကြား ၂၀၂၂ခုနှစ်၊နိုဝင်ဘာလမှစ၍ လူသားချင်း စာနာမှုဆိုင်ရာအပစ်အခတ်ရပ်စဲပြီးနောက် စစ်ကောင်စီခန့် ဝန်ကြီးများက ရခိုင်သို့ လာရောက်ကာ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်တိုက်တွန်းပြောဆိုခဲ့ပြီး အမ်း၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့မှ စစ်ဘေးရှောင်အချို့ကိုလည်း ငွေကျပ် ၆သိန်းစီပေး၍ နေရပ်ကိုပြန်လည်ပို့ဆောင်ပေးခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီ၏အစီအစဉ်ဖြင့် နေရပ်ပြန်ပို့ခံခဲ့ရသည့်စစ်ဘေးရှောင်များမှာ မိုင်းအန္တရာယ်ကြောင့် မိမိတို့ဒေသတွင် ပြန်လည် လုပ်ကိုင်စားသောက်ရန် အဆင်မပြေ ကြသလို စစ်ကောင်စီထံမှလည်း အထောက်ပံ့ မရရှိသည့်အတွက် အခက်အခဲများ ကြုံနေရသည်။
ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့၏နှစ်ဖက် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များအနက် စစ်ဘေးရှောင်အချို့မှာ မိမိနေရပ်သို့ ပြန်သွားကြပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးတို့ကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၉၀,၀၀၀ ကျော်အထိရှိနေသေးသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိ့နှိုင်းရေးရုံး(UNOCHA) ၏ စာရင်းအရ သိရသည်။
#ရခိုင်ပြည်နယ် #ကျောက်တော်မြို့နယ် #စစ်ဘေးရှောင်များ #စားနပ်ရိက္ခာအကူအညီ #လိုအပ် #Ayeyarwaddy_Times