နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဧပြီလ ၂၆ရက်

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် တုံကျေးရွာကို ယမန်နေ့ ဧပြီလ ၂၅ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ဒေသခံ ၂,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ်အတွင်းရှိကျေးရွာများသို့ စစ်ကြောင်းထိုး မွှေနောက်နှောက်နေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကျေးရွာသား နှစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ပြီးဝင်လာတာ။ ဒေသခံ နှစ် ယောက်လည်း လက်နက်ကြီးစ ထိမှန်ထားတယ်။ ဒီနေ့မနက်(ဧပြီလ၂၆ရက်နေ့)လည်း ဆားလင်းကြီး ဒေသခံ နှစ် ဦးကိုပစ်သတ်ပြီး ရွာတွေကိုပတ်နေတယ်” ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကြောင့် ဒေသခံ ပြည်သူများ စိုးရိမ်ထိပ်လန့်နေပြီး စစ်ကြောင်းထိုးနေစဉ် ၎င်းတို့နှင့် ထိပ်တိုက် တွေ့ဆုံမိသည့် ကျေးရွာသားများကို ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

“ရွာထဲကိုဝင်စီးရင် ဒေသခံတွေကို ဖမ်းပြီး လမ်းပြလုပ်ခိုင်းတယ်။ ပြီးရင် သတ်ပစ်တယ်။ သူတို့ (စစ်ကောင်စီတပ်) စစ်ကြောင်းထိုးနေတဲ့အချိန်မှာတော့ ဘယ်သူဖြစ်ဖြစ် မြင်တာနဲ့ ပစ်သတ်တယ်။ ဒါကြောင့် ဒေသခံတွေအနေနဲ့ သူတို့စစ်ကြောင်း လှုပ်ရှားမှုတွေ နားစွင့်ထားပါ။ မလိုအပ်ဘဲ အပြင်ကို လုံး၀မထွက်ပါနဲ့” ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) မှ ဗိုလ်ထွဋ်ခေါင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ ရွာစဉ်လှည့်လည်၍စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းသည် စစ်ကောင်စီ၏ တပ်မ (၃၃) ဖြစ်ပြီး အင်အား ၁၀၀ ခန့်ပါဝင်ကြောင်း သိရသည်။