ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဧပြီလ ၂၆ ရက်
မကွေးတိုင်း မြိုင်မြို့နယ်တွင် ဧပြီလ ၂၄ ရက်နေ့က လှည့်လည် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်နှင့် မြို့လယ်ရှိ မြို့မရဲစခန်းအား မြိုင် (ပကဖ) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြိုင်မြို့မရဲစခန်းအား နံနက် ၇ နာရီဝန်းကျင်တွင် မြိုင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) နှင့် ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မြို့အတွင်းသို့ ဝင်ရောက်ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မြိုင် (ပကဖ) တာဝန်ရှိသူ ဗိုလ်လက်ယာက“မနေ့က တိုက်ပွဲတွေထဲမှာ အားလုံးပေါင်း ၃၀ ထိခိုက်တယ်၊ ၄ ယောက် သေတယ်လို့ သိရတယ်။ စစ်ကြောင်း ထိုးနေတာက ၄ ရက်လောက်ရှိပြီ။ အနောက် ညောင်တွင်းရွာက အိမ်ခြေ ၃၂ လုံး လည်း မီးရှို့ခံရတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ပဒိုင်းတော အရှေ့ရွာမှ ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းက အနောက် ညောင်တွင်းရွာအား မီးရှို့ဖျက်ဆီးနေစဉ် မြိုင် (ပကဖ) နှင့် ပူးပေါင်းအဖွဲ့က အဆို ပါစစ်ကြောင်းအား မိုင်းဆွဲတိုက်ခဲ့ခြင်း၊ ဒရုန်းဖြင့် ဗုံးသီး ၂၉ လုံးချ တိုက်ခိုက်ခဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများအား ဘာမဏီ ပြောက်ကျား တပ်ဖွဲ့၊ GOE အဖွဲ့၊ မြိုင်မြို့နယ်တွင်း (ပကဖ) များနှင့် မြိုင် (ပကဖ) တပ်ရင်း (၁) တပ်ခွဲ (၃)၊Pakokku Thurain အဖွဲ့၊ ဂဠုန် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ Earthquake People Defence Force ၊ Royal Defence Force ၊ Young Force နှင့် မြိုင် (ပကဖ) တပ်ရင်း (၁) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မြိုင်တွင် ဧပြီလ ၁၈ ရက်နေ့က မကျည်းကန်ရွာ ကျေးလက်ဆေးရုံအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ လူငယ် တစ်ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းမှာ မြိုင်မြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုး မီးရှို့မှုများ ဆက်လက် လုပ်ဆောင်နေကြောင်းလည်း ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။