ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဧပြီလ ၂၆ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့နယ်၊ ဆရာစံမြို့သစ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ရုံးချုပ် ရုံးခန်းအား ယမန်နေ့ ဧပြီလ ၂၅ ရက် ည ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြည်မျိုးလွင် ဦးဆောင်၍ ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဆရာစံမြို့သစ်၊ လူဝင်မှုကြီးကြပ်ရေးရုံးဘေးရှိ သာယာဝတီမြို့နယ် NLD ရုံးချုပ်အား ဗိုလ်မှူးကြည်မျိုးလွင်ဦးဆောင်၍ မဘသအဖွဲ့ဝင် များအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင် ၃၀ ကျော်မှ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“ဗိုလ်မှူး ကြည်မျိုးလွင်ခေါ်ကြည်လေး ဦးဆောင်ပြီး စစ်သား(စစ်ကောင်စီတပ်သား)၊ ရဲ၊ ပျူစောထီး၊ မဘသအဖွဲ့ဝင်တွေ၊ ရပ်ကျေးအဖွဲ့ဝင်တွေဦးဆောင်ပြီး NLD ရုံးခြံဝင်းထဲကို ဝင်ရောက်ဖျက်ဆီးသွားတာ။ သူက ကားတစ်စီးနဲ့လာပြီး သူကအကုန်လုံးကို ကြီးကြပ် သွားတယ်။ NLD ရုံးက လဝက ရုံးနဲ့ကပ်ရက်မို့ လဝကရုံးက မီးတွေပိတ်ထားပေးတယ်” ဟု အသက် ၄၀ ဝန်းကျင် အရွယ်ရှိ သာယာဝတီမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
အဆိုပါဗိုလ်မှူးကြည်မျိုးလွင် ဦးဆောင်သည့်အဖွဲ့သည် သာယာဝတီNLD ရုံးမျက်နှာစာ နေရာများနှင့် အလံတိုင်တို့ကို ဖျက်ဆီးခဲ့ပြီး NLDပါတီဆိုင်းဘုတ်အား ဖြုတ်ယူသွား ခဲ့သည်။ ထို့ပြင် ရုံးခန်းအတွင်းရှိ ပရိဘောဂများအပါအဝင် ရုံးတွင်းပစ္စည်းများကိုလည်း သိမ်းယူသွားကြောင်းသိရသည်။
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC)က မတ်လ ၂၉ ရက်နေ့တွင် အမျိုးသားသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အပါအဝင် ပါတီ ၄၀ ကျော်ကို ဖျက်သိမ်း ကြောင်း ကြေညာခဲ့ပြီးနောက် စစ်ကောင်စီက NLD ပါတီဆိုင်းဘုတ်များကို လိုက်လံသိမ်းယူခြင်း၊ ပါတီရုံးခန်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီက ပဲခူးတိုင်းအတွင်းရှိ NLD ပါတီ ဆိုင်းပုဒ်များ ဖယ်ရှားရာတွင် NLD ရုံးခန်းကိုပါ ဝင်ရောက်ဖျက်ဆီးခြင်းသည် သာယာဝတီမြို့နယ်တွင် ပထမဆုံး ဖြစ်ကြောင်း အဆိုပါဒေသခံထံက သိရသည်။
#ပဲခူးတိုင်း #သာယာဝတီ #NLDရုံးခန်း #ဗိုလ်မှူးကြည်မျိုးလွင် #ဖျက်ဆီး #Ayeyarwaddy_Times