ဧရာဝတီတိုင်းမ်
ဧပြီလ ၂၆ ရက်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံက စစ်ခေါင်းဆောင် တွေနဲ့ ရုတ်တရက် တွေ့ဆုံပြီးနောက် အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဘန်ကီမွန်းဟာ မနေ့က နေပြည်တော်မှာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ အခြားထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးလုပ်တွေမှာ ဆောင်ရွက်နေတဲ့ ကမ္ဘာ့အကြီးအကဲဟောင်း တွေနဲ့ ဖွဲ့စည်းထားတဲ့ The Elders လို့ခေါ်တဲ့ အဖွဲ့အစည်းရဲ့ကိုယ်စား ဒုတိယဥက္ကဌဖြစ်တဲ့ ဘန်ကီမွန်းက မြန်မာ နိုင်ငံကို လာရောက်ခဲ့တာဖြစ်ပါတယ်။

ဘန်ကီမွန်းရဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေဟာ စူးစမ်းလေ့လာဖို့ဖြစ်တယ်လို့ The Elders အဖွဲ့က ယနေ့ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာ သိမ်းမှုအတွင်း ဖြုတ်ချပြီးနောက် စစ်တပ်နဲ့ ဒီမိုကရေစီ တော်လှန်ရေးတပ်ဖွဲ့တွေကြား အကြမ်းဖက်မှုတွေ ရပ် တန့်စေမယ့် အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဖော်ဆောင်ဖို့ လိုအပ်ပုံကို ထောက်ပြခဲ့ တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာစစ်တပ်က အကြောင်းမဲ့ ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေ ချက်ချင်း လွှတ်ပေးဖို့၊ အပြုသဘော ဆောင်သော ဆွေးနွေးမှုတွေပြုလုပ်ဖို့နဲ့ အဖွဲ့အစည်းအားလုံးက စိတ်ရှည်သည်းခံမှု ကျင့်သုံးကြဖို့ နိုင်ငံတကာ အ သိုင်းအဝိုင်းရဲ့ တောင်းဆိုချက်တွေကို ဘန်ကီမွန်းက ထောက်ခံခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

လွတ်လပ်ပြီး တရားမျှတဲ့ အခြေအနေရှိမှသာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြုလုပ်ဖို့လည်း ဘန်ကီမွန်းက သတိပေးခဲ့တယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။
လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲပြုလုပ်ခြင်းဟာ အကြမ်းဖက်မှုတွေ ထပ်မံဖြစ်လာနိုင်ပြီး ရလဒ်ကို လည်း မြန်မာပြည်သူ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုမှာမဟုတ်ဖူးလို့ သူက ဆိုပါတယ်။

ကိုးကား – VOA
Ref; Former UN Head Ban Ki-moon Calls for End to Myanmar Violence