နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ) /ဧပြီလ၂၆ရက်
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ ရွာစဉ်လှည့်လည်၍ ဒေသများကို သတ်ဖြတ်နေသည့် စစ်ကောင်စီ၏ တပ်မ (၃၃) မှ အင်အား ၁၀၀ ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်ခရိုင် ဓားမဆိုင်း-DMSA တပ်ရင်း (၂၈) သည် ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီက ဆားလင်းကြီးမြို့အဝင်တွင် ပဒေသာမိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး၍ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်ပြီး တွေသမျှကျေးရွာတွေမီးရှို့ ၊ တွေ့သမျှသူကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ တပ်မ (၃၃) တံဆိပ်တွေနဲ့ စစ်ကောင်စီတပ်ကို ဆားလင်းကြီးရွာမြို့အဝင်ကနေ ပဒေသာမိုင်း ထောင်ပြီး စောင့်ခွဲ့ခဲ့တာပါ။ လေးယောက်သေပြီး အများကြီး ဒဏ်ရာရသွားတယ်။ သူတို့က အင်အားကများပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေလို့ မတိုက်ခိုက်တော့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်” ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၂၈)မှ ဗိုလ်ထွဋ်ခေါင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်သည် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသန်း၍ ပစ်ခတ်ခဲ့သောကြောင့် တပ်ရင်း (၂၈) ဓါးမဆိုင်း အဖွဲ့အနေဖြင့်ပြန်လည်ဆုတ် ခွာပေးခဲ့ပြီး ဘေးလွတ်ရာကိုပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ တပ်မ (၃၃) သည် စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်အတွင်းသို့ ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းကတည်းက စစ်ကြောင်း ထိုးဝင်ရောက်လာပြီး ခရီးသွားပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်းများ ပြုလုပ်နေ၍ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#စစ်ကိုင်းတိုင်း #ဆားလင်းကြီးမြို့နယ် #တပ်မ၃၃ #မိုင်းဆွဲတိုက်ခိုက် #၄ဦးသေ #ဓားမဆိုင်းတပ်ရင်း၂၈ #Ayeyarwaddy_Times